အိုးထရက်ဖို့ဒ်မှာ ဂိုးများပြီး မန်ယူ နိုင်မှာ မဟုတ်တဲ့ ပွဲ လို့ ပေါမာဆန် က စပါးနဲ့ ပွဲကြို သုံးသပ်ဟောကိန်းထုတ်
ဒီတပတ် ပရီးမီးယားလိဂ်၊ လာမယ့် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့် ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်နဲ့ စပါးတို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

နှစ်သင်းလုံးအတွက် ပွဲကြီးပွဲကောင်းပါပဲ။ စပါးက ခံစစ်လိုင်းကို မြှင့်ကစားနေပြီး ယူနိုက်တက် ခံစစ်ကလည်း သိပ်မကောင်းပါဘူး။ နှစ်သင်းက ဖွင့်ကစားကြမယ် ထင်ပါတယ်။ ဒီပွဲ ဂိုးများမယ် ထင်ပါတယ်။
ယူနိုက်တက် ဘာမှားနေလဲ ထောက်ပြရခက်ခဲပေမယ့် တစ်ခုခုတော့ မမှန်ဘူး ခံစားရတယ်။ သူတို့က ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်လာဖို့ စိန်ခေါ်သင့်တာပါ။
တွမ်တိနဲ့ပွဲဆိုရင် ဖိအားတွေ လျော့ချသင့်တဲ့ ပွဲမျိုးဖြစ်ပေမယ့် သူတို့ ဦးဆောင်ဂိုး ယူထားနိုင်မှုကို ဆက်မထိန်းနိုင်ခဲ့ပါဘူး။ တနင်္ဂနွေနေ့မှာ စပါးကို ရှုံးမယ်ဆိုရင် ယူနိုက်တက်တို့ ပြဿနာ ကြီးပါပြီ။ တန်ဟက်က ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်ပါလိမ့်မယ်။
ဒီအပတ်ပွဲတွေကို ဗီလာနဲ့ ချယ်ဆီးက နိုင်ဖွယ် ရှိပါတယ်။ ဒီတော့ စပါးတို့ ရလဒ်မကောင်းရင် ထိပ်ဆုံး ၄ သင်း ဝင်ခွင့်က ထိခိုက်သွားမှာပါ။ အရင်အပတ်ကလည်း သူတို့ မနိုင်ထားတာကို မမေ့ပါနဲ့။ ယူနိုက်တက်ကို ရှုံးခဲ့မယ်ဆိုရင် စပါးက ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ အားနည်းသွားနိုင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၂-၂ တော့တင်ဟမ် စပါး။