မန်ယူအသင်း ဘယ်နှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်မလဲ တခါတည်း ကြိုပြောလိုက်တဲ့ စီအီးအို
မန်ချက်စတာ ယူနိုက်တက် စီအီးအို အိုမာဘာရာဒါက မန်ချက်စတာ ကလပ်ရဲ့ နှစ် ၁၅၀ ပြည့်နှစ်တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီး အောင်ပွဲခံရန် ပစ်မှတ်ထားနေကြောင်း အသင်းဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ဆွတ်ခူးကာ ပရီးမီးယားလိဂ်ခေတ်တွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပေမဲ့လည်း လိဂ်ဖလားနှင့် ဝေးကွာလာခဲ့တာ ၁၁ နှစ်တိုင်တိုင် ရှိပြီ ဖြစ်ပါတယ်။
ယင်းကာလအတွင်းတွင် ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို လွှမ်းမိုးလာခဲ့ပြီးနောက် နောက်ဆုံး ပရီးမီးယားလိဂ် ၇ ရာသီတွင် ၆ လုံး ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယခုနွေရာသီတွင် မန်စီးတီးမှ ယူနိုက်တက်သို့ ရောက်လာတဲ့ စီအီးအိုသစ်အိုမာဘာရာဒါဟာ ဘယ်ကာလတွင် ပရီးမီးယားလိဂ်ဖလား ရယူမယ်ဆိုတဲ့ ရည်မှန်းချက်စီမံကိန်းအား ရေးဆွဲထားပြီး ဖြစ်ပါတယ်။
ဘာရာဒါဟာ ဗုဒ္ဓဟူးနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ပြုလုပ်တဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ကလပ်ရဲ့ ရည်မှန်းချက်ကို ပြောဆိုခဲ့တာ ဖြစ်ကြောင်း The Athletic က ဖော်ပြသွားပါတယ်။
၎င်းက တက်ရောက်လာတဲ့ ဝန်ထမ်းများအား ကလပ်ရဲ့ သက်တမ်း ၁၅၀ နှစ်ပြည့်မဲ့ ၂၀၂၈ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရန် ရည်မှန်းထားကြောင်း ဆိုသွားပါတယ်။
ဒါ့အပြင် ဘာရာဒါက ယင်းနှစ်တွင်ပင် အမျိုးသမီးအသင်းမှာလည်း ပထမဆုံး အမှတ်ပေးဖလား ဆွတ်ခူးရန် စီစဉ်ထားကြောင်း ဆိုသွားပါတယ်။