အနူတောမှာ လူချော ဖြစ်နေဆဲ အဲရစ်တန်ဟက်၊ ယူနိုက်တက် နည်းပြတွေထဲ အောက်ဆုံးမှာတော့ မဟုတ်
၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်နည်းပြထိုင်ခုံပေါ်ကို ရောက်လာသူ အဲရစ်တန်ဟက်ဟာ ၂ ရာသီအတွင်း လိဂ်ဖလား၊ FA ဖလားတွေ ရယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးရွားဆုံး အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့သလို ဥရောပပြိုင်ပွဲတွေမှာလည်း အခြေအနေ မကောင်းသေးပါဘူး။
ကြားရက်က ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်ဟာ FC တွမ်တီးနဲ့ ၁-၁ ဂိုးစီ သရေကျပြီးတဲ့နောက် နည်းပြအဲရစ်တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြဘ၀ ဥရောပြိုင်ပွဲ၊ နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း ဥရောပမှာ အဆိုးဆုံး မှတ်တမ်း ပိုင်ဆိုင်တဲ့ ယူနိုက်တက် နည်းပြက တန်ဟက်တော့ မဟုတ်ပါဘူး။
ယူနိုက်တက်နည်းပြဘဝမှာ အဲရစ်တန်ဟက်ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပွဲပေါင်း ၁၉ ပွဲကိုင်တွယ်အပြီး ၉ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံးနိမ့်ခဲ့ပါတယ်။
အဲရစ်တန်ဟက် အနိုင်ရခဲ့တဲ့ ၉ ပွဲမှာ ၅ ပွဲက ယူရိုပါလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ပြီးခဲ့တဲ့ရာသီက ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကလွဲရင် ၁ ပွဲသရေ၊ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
ဥရောပပြိုင်ပွဲတွေမှာ အဲရစ်တန်ဟက်ရဲ့ အနိုင်ရာခိုင်နှုန်းက ၄၇ % သာရှိပေမဲ့ အခုနောက်ပိုင်း ယူနိုက်တက်နည်းပြတွေထဲမှာ အဆိုးရွားဆုံးတော့ မဟုတ်သေးပါဘူး။
ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်လွန်နောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်းကို နည်းပြ ၇ ဦး တာဝန်ယူခဲ့ကြပြီး ယာယီနည်းပြ ၂ ဦး၊ အမြဲတမ်းနည်းပြ ၅ ဦး ကိုင်တွယ်ခဲ့ပါတယ်။
နိုင်ပွဲရရှိမှု ၁၀၀ % နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာက ယာယီနည်းပြဟောင်း ကာရစ်ဖြစ်ပြီး သူက ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်မှာ ဗီလာရီးယဲလ်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အမြဲတမ်းနည်းပြတွေထဲမှာ အဲရစ်တန်ဟက်ထက် အခြေအနေ ပိုဆိုးခဲ့တာက ဒတ်ချ်နာမည်ကျော်နည်းပြဟောင်း ဗန်ဟားလ်ဖြစ်ပြီး ဥရောပပွဲစဉ် ၁၀ ပွဲမှာ ၃ ပွဲသာ အနိုင်ရခဲ့သလို ၃ ပွဲသရေ၊ ၄ ပွဲရှုံးနဲ့ အနိုင်ရာခိုင်နှုန်းအဖြစ် ၃၀ % သာရှိခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဥရောပပြိုင်ပွဲမှာ နောက်ဆုံးအောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလားရယူပေးခဲ့သူ မော်ရင်ဟိုဟာ ကာရစ်ပြီးရင် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေပြီး ၂၉ ပွဲမှာ ၁၈ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲရှုံးနဲ့ အနိုင်ရာခိုင်နှုန်း ၆၂ % ရယူခဲ့ပါတယ်။
၂၀၂၀-၂၁ ရာသီမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ခဲ့သူ ဆိုးလ်ရှားနဲ့ ဒေးဗစ်မွိုက်စ်တို့က အနိုင်ရာခိုင်နှုန်း ၅၄ %၊ ၅၀ % နဲ့ မော်ရင်ဟိုနောက်မှာ ရပ်တည်ခဲ့ပါတယ်။
အဆိုးရွားဆုံးကတော့ ယာယီနည်းပြဟောင်း ရန်နစ်ခ်ဖြစ်ပြီး ဥရောပပွဲစဉ် ၃ ပွဲမှာ နိုင်ပွဲမရှိဘဲ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။