ဝေဖန်မှု ဖိအားတွေအောက် ရောက်နေတာချင်း တူတဲ့ တန်ဟက်နဲ့ အဖော်ညှိ ချီးကျူးအမွှန်းတင်နေတဲ့ ပိုစတီကိုဂလူ

ဒီည အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

ဒီပွဲမတိုင်ခင်မှာပဲ စပါးနည်းပြ ပိုစတီကိုဂလူးက မန်ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက် ကို ချီးကျူးစကားတွေ စတင် ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီ(၂)သင်းလုံးရဲ့ နည်းပြတွေက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို ယူနိုက်တက်ကို (၃)ရာသီမြောက်အဖြစ် ကိုင်တွယ်နေတဲ့ တန်ဟက်ဂ်ကတော့ စပါးနည်းပြ ပိုစတီကိုဂလူးထက် ပိုမို ဝေဖန်ခံနေရပါတယ်။

တန်ဟက်ဂ်က အခုထိ အသင်းမှာ ရလဒ်တွေသာ ဆက်လက် ဆိုးရွားနေဦးမယ်ဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင်ဖွယ်လည်း ရှိနေပါတယ်။

ဒီလို ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ တန်ဟက် နဲ့ ပတ်သက်ပြီး စပါးနည်းပြ ပိုစတီကိုဂလူးက အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက် မတွေ့ဆုံခင်မှာပဲ ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

“နည်းပြတချို့က ဖိအားတွေအောက်မှာ အမြဲ ရှိနေရတက်တယ်။ သူ(တန်ဟက်ဂ်)က တကယ်ကို ကောင်းမွန်တဲ့ အလုပ် တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။”

“နောက်ပြီး သူ ရယူထားခဲ့တဲ့ ဆုဖလား (၂)ခုလုံးကလည်း အသေးအဖွဲ့လေးတွေ မဟုတ်ဘူးဆိုတာကို အမြဲပြောလေ့ရှိတယ်။ လူတိုင်းက ငါလုပ်ဖို့ လိုအပ်နေတာတွေ ရှိသေးတယ်လို့ ပြောနေကြပေမယ့် အဲ့ဒီနောက်မှာတော့ မျှော်လင့်ထားတဲ့ အရာတစ်ခုက အမြဲ ရှိနေတယ်။ ဒါဟာ ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ။”

“အိုးထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ နည်းပြက ဘယ်သူပဲ ဖြစ်နေနေပါ ယူနိုက်တက်ရဲ့ အိမ်ကွင်းမှတ်တမ်းတွေက အထင်ကြီးစရာ မှတ်တမ်းကောင်းတွေ ဖြစ်နေတုန်းပါပဲ။ ဒါကလည်း ကျွန်တော်တို့အသင်းအတွက် အဆင်သင့် ဖြစ်နေရမယ့် အရာတစ်ခုပါပဲ။” လို့ ပိုစတီကိုဂလူးက ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ရော စပါးအသင်းပါ ဒီရာသီ ပရီးမီးယားလိဂ်မှာ တာထွက်တွေ သိပ်မကောင်းထားကြဘဲ (၂)သင်းလုံးက (၅)ပွဲကစား (၂)ပွဲနိုင် (၁)ပွဲသရေ (၂)ပွဲရှုံးထားပြီး ရမှတ် (၇)မှတ်သာ ပိုင်ဆိုင်ထားရပါတယ်။

ယူနိုက်တက်က ဘရိုက်တန် လီဗာပူးလ်တို့ကို ဆက်တိုက် ရှုံးထားသလို စပါးကလည်း နယူးကာဆယ်နဲ့ အာဆင်နယ်တို့ကို ဆက်တိုက် အရှုံးပေးထားခဲ့ရပါတယ်။