အရှုံးတွေထဲမှာ လဲပြိုဆဲ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်က နောက်ထပ် ဂိုးပြတ်ရှုံးပွဲ
ဒီတနင်္ဂနွေည အိမ်ကွင်း အိုးထရက်ဖို့ဒ် မှာ မန်ချက်စတာ ယူနိုက်တက်ဟာ စပါးကို ဧည့်ခံ ကစားခဲ့ရာ ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
ပွဲအစ ၃ မိနစ်မှာတင် ဗန်ဒီဗန်က ကိုယ့်ဘက်ခြမ်းကနေ ယူနိုက်တက်ဘက်ခြမ်းကို ကိုက် ၆၀ စာလောက် အဆီးအတားမရှိ တောက်လျှောက် ပြေးတက်သွားခဲ့ပြီး အနိမ့်ဖြတ်တင်ဘော လုပ်ပေးခဲ့ရာမှာ ဘရန်နာ ဂျွန်ဆင်က ပိတ်သွင်းခဲ့ပါတယ်။
စပါးဟာ ဘောလုံးပိုင်ဆိုင်မှုတွေမှာ ဖန်တီးနိုင်စွမ်း ကောင်းမွန်သလို ဘောလုံးမရှိချိန် ဟန်ချက်ညီညီ ကစားနိုင်တာကြောင့် ယူနိုက်တက်တို့ ပြာယာခတ်နေခဲ့ရပါတယ်။ မကြာခဏ အခွင့်အရေးရတဲ့ စပါးဟာ အဆုံးသတ် ညံ့လွန်းလို့ ပထမပိုင်းမှာတင် ဂိုးမပြတ်ခဲ့တာပါ။
ကွင်းလယ်မှာ ပေါ့ဆတဲ့ ဖာနန်ဒက်စ်ရဲ့ ဘောလုံးဝင်လုမှု အနီကတ်ဖြင့် ထုတ်ပယ်ခံရဖို့ ဖြစ်သွားချိန်မှာ အိပ်မက်ဆိုးတွေ စတင်တော့မယ်ဆိုတာ ယူနိုက်တက်တို့ ခံစားမိပါလိမ့်မယ်။
ဒုတိယပိုင်အစမှာပဲ စပါးတို့ လျှင်လျှင်မြန်မြန် ဦးဆောင်ဂိုး ထပ်ယူပါတယ်။ ကူလီဆပ်စကီရဲ့ ဂိုးအပြီး ယူနိုက်တက်တို့ ခြေပဂိုးတွေအတွက် အတော်လေး အားထုတ်လာနိုင်ခဲ့ကာ စပါးတို့ တစ်ကျော့ပြန် ခံစစ်ကစားနေခဲ့ရတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ရေမြွေသာသာပဲဖြစ်ကာ အခွင့်အရေးတွေကို အရယူနိုင်စွမ်း မရှိပါဘူး။ မိနစ် ၈၀ လောက်မှာ နောက်ထပ် ဦးဆောင်ဂိုးကို ဆိုလန်ကီက ပြေးဝင်ပိတ်သွားခဲ့ပါတယ်။
အဲ့ဒီဂိုးနောက်ပိုင်း အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ပရိသတ်တွေ ထပြန်သွားလို့ စပါးပရိသတ် အသံတွေပဲ ဆူညံနေခဲ့ပါတယ်။
ဒီအပတ် ရှုံးပွဲ အပြီးမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန် ၇ မှတ်သာ ရသေးပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။