ယူနိုက်တက်က နောက်ပြန်ဆုတ်နေပြီ လုပ်သင့်တာကို လုပ်ဖို့ အချိန်ကျပြီဖြစ်ကြောင်း ပြတ်သားစွာ ထောက်ပြမှု

အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်နဲ့ ရလဒ်အပြီးမှာ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာပါတယ်။

နာမည်ကျော် ဗြိတိန်သတင်းဌာနဖြစ်တဲ့ ဘီဘီစီကဆိုရင် အဆိုပါပွဲအပြီး –

” အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ဟာ ဂိုးမသွင်းနိုင်ဘဲ ဆက်တိုက် ရှုံးနိမ့်နေပါတယ်။ ဒါမျိုး နောက်ဆုံးအကြိမ် ဖြစ်ခဲ့တုန်းကတော့ ယူနိုက်တက်နည်းပြဟာ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ် ” လို့ ဖြစ်လာနိုင်တဲ့ အခြေအနေကို သုံးသပ် ဖော်ပြခဲ့တာဖြစ်ပါတယ်။

နည်းပြတန်ဟက်ဟာ ဒီနွေမှာ သူရလိုတဲ့ ကစားသမားတွေဖြစ်တဲ့ မာဇရာဝီ၊ ဒီလစ်၊ ယိုရိုတို့ အားလုံးကို ရခဲ့သလို လူသစ်တွေအတွက် ပေါင် သန်း ၂၀၀ ကျော် အကုန်အကျခံ ခေါ်ယူထားတာဖြစ်ပေမယ့် ခံစစ်က ထူးပြီး ကောင်းမလာခဲ့ပါဘူး။

ဂျင်မီရက်နက်က ” ယူနိုက်တက်နဲ့ နည်းပြတန်ဟက်က နောက်ပြန်ဆုတ်နေပါတယ်။ တန်ဟက် အနေနဲ့လည်း အကြောင်းပြချက်တွေ ပေးစရာ မရှိတော့ဘူး။ သူလိုချင်တဲ့ ခံစစ်တန်းကိုလည်း ရထားပြီးပြီ၊ သူတောင်းဆိုသမျှ လူအားလုံး ရထားတာပါ။ သူ့မှာ ဆင်ခြေပေးစရာ ရှိတော့ပါဘူး ” လို့ ထောက်ပြခဲ့တယ်။

စပါးကို ရှုံးနိမ့်အပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၆ ပွဲကစား ရမှတ် ၇ မှတ်ပဲ ရထားကာ တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာ အဆင့် ၁၂ ကို ရောက်နေပါတယ်။ အခုဆိုရင် ဇယားထိပ်နဲ့လည်း ၈ မှတ် ပြတ်နေပါပြီ။