အထုတ်ခံရနိုင်စရာ မရှိဘူးလို့ ယုံကြည်နေပြီး အမြန်ဆုံး ပြန်လာမယ့် အကြောင်း သတင်းပါးခဲ့တဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက် ကတော့ မနေ့ညက စပါးနဲ့ ပွဲအပြီးမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သုံးသပ်မှုတွေကို အာရုံထားနေမှာ မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ ရင်ဆိုင်သွားခဲ့တဲ့ ပထမပိုင်း ပွဲချိန်အတွင်းမှာ အတော်လေး စိတ်ပျက်စရာကောင်းအောင် ကစားသွားခဲ့ပြီး ပွဲစပြီး သိပ်မကြာခင်မှာပဲ စပါးဘက်ကို ဦးဆောင်ဂိုးပါ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း (၂)ဂိုး ထပ်မံ ပေးခဲ့ရပြီး (၃)ဂိုးပြတ်နဲ့ကို ရှုံးနိမ့်ခဲ့ပါတယ်။

အခုဆို ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်(၆)ပွဲမှာတင် ရှုံးပွဲက (၃)ပွဲအထိ ရှိနေသလို အဲ့ဒီထဲကမှ ရှုံးပွဲ (၂)ပွဲက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဂိုးတောင် မရဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့်လည်း နည်းပြ တန်ဟက် က ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဆိုတဲ့ ခန့်မှန်းချက်တွေ ပိုမို ကျယ်လောင်လာခဲ့ရပါတယ်။

ဒါပေမယ့် တန်ဟက် ကတော့ “ကျွန်တော် အခုချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အကြောင်းတွေကို လုံးဝ စဉ်းစားနေခြင်း မရှိပါဘူး။

ကျွန်တော်တို့အားလုံး အတူတကွ ရှိနေကြဖို့ ဆုံံးဖြတ်ချက် ချထားပြီးသားပါ။ အသင်းပိုင်ရှင်တွေ အသင်းက ဝန်ထမ်းတွေ အသင်းက ကစားသမားတွေနဲ့ ကျွန်တော် ကိုယ်တိုင် အပါအဝင်ပါပဲ။

ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်လည် သုံးသပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

ဒါက အချိန်ယူသွားရမယ် ဆိုတာကိုလည်း ကျွန်တော်တို့တွေ သိရှိထားပါတယ်။ ကျွန်တော်တို့က တစ်ဖက်တည်းမှာပဲ အတူ ရှိနေကြပါတယ်။

ကျွန်ေ်တာ်တို့ ပုံစံကောင်းနဲ့ ပြန်လာပါလိမ့်မယ်။ ကျွန်တော်တို့က လိုအပ်ချက်တွေ အမှားတွေကနေ သင်ခန်းစာယူပြီး အလျင်အမြန်ဆုံးပဲ ပြန်လာမှာပါ။

အဝတ်လဲခန်းထဲမှာလည်း ကစားသမားတွေကို ကျွန်တော် အားပေးစကား ပြောထားပါသေးတယ်။ ကျွန်တော်တို့တွေ သေချာပေါက် ပြန်လာနိုင်မှာပါ။” လို့ တုံ့ပြန်သွားခဲ့ပါတယ်။