မန်ယူမှာ စိတ်ကြိုက် ငွေ သုံးခွင့် မရလို့ အသင်းက မတိုးတက်တာ လို့ တန်ဟက် -ဆ-င်ခြေပေးပြီ

စပါးအသင်းကို အိုးထရက်ဖို့ဒ်မှာ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးနိမ့်ပြီးတဲ့နောက် နည်းပြ တန်ဟက်ကတော့ မန်ယူအသင်းမှာ ဘဏ္ဍာရေးဆိုင်ရာနဲ့ တခြားကန့်သတ်ချက်တွေကြောင့် အသုံးစရိတ် စိတ်ကြိုက် သုံးခွင့် မရခဲ့ဘဲ၊ အသင်းကလည်း တိုးတက်သင့်သလောက် တိုးတက်မှု ရှိမလာခဲ့တာ ဖြစ်တယ်လို့ ဆင်ခြေပေးသွားပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ကစားသွားတဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းရော စိတ်ဓာတ်ပိုင်း နည်းဗျူဟာပိုင်းပါ အဖက်ဖက်က မယှဉ်နိုင်ခဲ့ဘဲ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

တန်ဟက်ကတော့ ယူနိုက်တက်ဟာ အသင်းရဲ့သမိုင်းကြောင်း ကြီးမားတာကြောင့် ပရိသတ်တွေရဲ့ ဖွင့်ဟချက်တွေအပေါ် နားလည်နိုင်ကြောင်း၊ ဘဏ္ဍာရေးနဲ့ တခြားကန့်သတ်ချက်တွေကြောင့် လူငယ်တွေကို ရွေးချယ်ခဲ့ရပြီး ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ရဖို့ သိပ်ပြီးမမျှော်လင့်နိုင်ကြောင်း ထုတ်ဖော် ပြောပါတယ်။

လူငယ်တွေကို တိုးတက်မှုရှိလာဖို့ လုပ်ဆောင်သွားရမှာဖြစ်သလို အောင်မြင်မှုရနိုင်ဖို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ အသင်းတသင်း တည်ဆောက်သွားဖို့လည်း လိုအပ်ကြောင်း နည်းပြတန်ဟတ် က ပြောသွားပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၂ဝဝ လောက် သုံးပြီး ကစားသမား ခေါ်ယူ အားဖြည့်မှုတွေကို ပြုလုပ်ထားတာပါ။

ယူနိုက်တက် အကြီးအကဲတွေကတော့ စပါးနဲ့ပွဲပြီးမှာ တန်ဟက်ကို ထုတ်၊ မထုတ် အစည်းအဝေး လုပ်ကာ ဆွေးနွေးခဲ့ပေမယ့် မထုတ်သေးဘဲ ပွဲအနည်းငယ် စောင့်ကြည့်ဖို့သာ သဘောတူညီမှု ရခဲ့ကြပါတယ်။