တန်ဟက်ကို အခုနေ ထုတ်မယ် ဆိုရင် လျော်ကြေး များစွာ ပေးရဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ နွေတုန်းကမှ သက်တမ်းတိုးထားတဲ့ နည်းပြအဲရစ်တန်ဟက်ကို ထုတ်ပယ်မည်ဆိုပါက လျော်ကြေး နစ်နာကြေး အမြောက်အမြား ပေးရဖို့ ရှိနေပါတယ်။

နယ်သာလန်သား နည်းပြဟာ တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် စပါးစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်နေပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရပြီး ရမှတ် ၇ မှတ်တည်းသာ ရရှိထားပါတယ်။

အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ ဇွန်လကမှ ယူနိုက်တက်နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာ ဂျမ်ရက်ကလစ်ဖ်နှင့် တာဝန်ရှိသူများဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ရန် စီစဉ်ထားခဲ့ကြပေမဲ့လည်း အက်ဖ်အေဖလား ဆွတ်ခူး ရယူပေးပြီးတဲ့နောက် စိတ်ပြောင်းကာ ဆက်လက် လက်တွဲရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

ယင်းနောက် ယူနိုက်တက်ဟာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ အဲရစ်တန်ဟက်ကို တစ်နှစ် သက်တမ်းတိုးမှု ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ တန်ဟက် ဟာ ယခုရာသီ ရလဒ်ကောင်းမွန်ခြင်း မရှိမှုနှင့်အတူ လက်ကျန် စာချုပ်အတိုင်း နောက်ထပ် ၂ နှစ် ဆက်ရှိတော့မဲ့ အခြေအနေမှာ မရှိတော့ပါဘူး။

တဖက်မှာ ယူနိုက်တက်ဟာအနေဖြင့် ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးတဲ့ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပါကလည်း နစ်နာကြေး များစွာပေးလာရပါမယ်။

Goal ရဲ့ ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်အား ယခုအချိန်တွင် ထုတ်ပယ်မည်ဆိုပါက နစ်နာကြေး ပေါင် ၁၇.၅ သန်းအထိ ပေးလာရမှာ ဖြစ်ကြောင်း သိရပါတယ်။

တကယ်လို့များ ယူနိုက်တက်အနေဖြင့် အဲရစ်တန်ဟက်ကို ရာထူးမှ နှုတ်ထွက်လာအောင်၊ နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းနိုင်အောင် လုပ်ဆောင်နိုင်မည်ဆိုပါက နစ်နာကြေးပေးရမှု သက်သာလာပါမယ်။

လောလောဆယ်မှာတော့ ယူနိုက်တက်တာဝန်ရှိသူများဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ရန် အစီအစဉ်မရှိသေးဘဲ လာမယ့် ၂ ပွဲအထိ စောင့်ကြည့်ပေးသွားဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

အဲရစ်တန်ဟက်အနေဖြင့် ပေါ်တိုနှင့် ယူရိုပါလိဂ်ပွဲ၊ အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တို့တွင် ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိပါက ထုတ်ပယ်ခံဖွယ် ရှိပါတယ်။