ပေါ်တိုနဲ့ ပွဲ အပြီးမှာ အဲရစ်တန်ဟက် တသီကြီး ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မှတ်တမ်းများ
မနေ့ညက ယူရိုပါလိဂ်မှာ ပေါ်တိုနဲ့ ၃-၃ ဂိုးစီ သရေကျပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ စိတ်ပျက်စရာ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပွဲအစ ၇ မိနစ်မှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူခဲ့တဲ့ ဂိုးကြောင့် စောစောစီးစီး ဦးဆောင်ခဲ့ပြီး မိနစ် ၂၀ မှာ ရပ်ရှ်ဖို့ဒ် ပေးတာကနေ ဟွိုင်လန်းက ဒီရာသီ သူ့ရဲ့ပထမဆုံးဂိုးအဖြစ် ကန်သွင်းယူခဲ့ပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်အသင်း ခံစစ်ပိုင်း အာရုံစူးစိုက်မှု နည်းပါတာကြောင့် ပေါ်တိုအသင်းက ချေပဂိုးနဲ့ဦးဆောင်းဂိုးတွေ ပြန်သွင်းခဲ့ပြီး ပီပီ၊ အိုမိုရိုဒင်(၂ ဂိုး)တို့က သွင်းယူခဲ့ကြပါတယ်။
ယူနိက်တက်တို့ ချေပဂိုးရဖို့ ရုန်းကန်နေချိန်မှာပဲ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးယူဖို့ ကြိုးစားရင်း ပြိုင်ဘက်ကို ခြေထောက်မြှောက်ဝင်ခဲ့တဲ့အတွက် ၈၁ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကတော့ အခုရက်ပိုင်းအတွင်း စိတ်ပျက်စရာအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စပါးအသင်းနဲ့ပွဲမှာ အနီကတ်ထိပြီး မကြာခင်မှာပဲ အခု ပေါ်တိုနဲ့ပွဲမှာ အနီကတ် ထပ်ပြခံရတာဖြစ်ပါတယ်။
စပါးအသင်းနဲ့ပွဲက အနီကတ်ပြစ်ဒဏ်က ပြန်လည်ပယ်ဖျက်ခံခဲ့ရပေမဲ့ အခုပွဲမှာတော့ ပယ်ဖျက်ခံရဖို့ မရှိတာကြောင့် ဘရူနိုဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးအကြိမ် အနီကတ်ထိခဲ့တဲ့ မှတ်တမ်း တရားဝင်ပိုင်ဆိုင်ခဲ့ရပါပြီ။
ယူနိုက်တက်တို့ ကံကောင်းတာက ပွဲပြီးခါနီး ၉၁ မိနစ်မှာ အဲရစ်ဆင်ရဲ့ထောင့်ကန်ဘောကနေ မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းခဲ့လို့ ချေပဂိုးပြန်ရခဲ့ပါတယ်။
အခုဆိုရင် ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အဖွင့် ၂ ပွဲဆက်တိုက် သရေကျခဲ့သလို ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို အဲရစ်တန်ဟက် စတင်ကိုင်တွယ်တဲ့ ၂၀၂၂ ဧပြီလကစလို့ ပြိုင်ပွဲစုံမှာ ပြိုင်ဘက်ကို ၃ ဂိုးနဲ့ အထက် ပေးခဲ့ရတဲ့ ပွဲအများဆုံး ပရီးမီးယားလိဂ် ကလပ်က ယူနိုက်တက် တစ်သင်းသာရှိပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကစလို့ ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်းဟာ အနိုင်ရနေတဲ့ အနေအထားက အမှတ်လျော့ခဲ့တာက ၁၂ မှတ်အထိရှိပြီး ဥရောပကလပ်အသင်းတွေထဲမှာ အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကစလို့ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်အဝေး)၊ ဂါလာတာစာရေး(ချန်ပီယံလိဂ်အိမ်)၊ ကိုပင်ဟေဂင်(အဝေး)၊ ဂါလာတာစာရေး(ချန်ပီယံလိဂ်အဝေး)၊ ပေါ်တို(ယူရိုပါလိဂ်အဝေး)တို့နဲ့ပွဲတွေမှာ ၂ ဂိုးနဲ့အထက် သွင်းယူခဲ့ပေမဲ့ ၁ ပွဲမှ မနိုင်ခဲ့ပါဘူး။
မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့တဲ့ အဲရစ်တန်အတွက် ဖိအားများသထက် များလာပြီး လာမဲ့ အက်စတွန်လာနဲ့ပွဲမှာသာ ရလဒ် မကောင်းရင်တော့ ယူနိုက်တက်နည်းပြဘ၀ အဆုံးသတ်သွားဖို့ရှိနေပါပြီ။