လူကြီးဆန်တဲ့ စကားလုံးတွေနဲ့ မန်ချက်စတာ ယူနိုက်တက် ကြုံနေရတဲ့ အမှန်တရားတွေ ချပြလာတဲ့ ဟယ်ရီ မက်ဂွိုင်းယား
မန်ချက်စတာ ယူနိုက်တက် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက အသင်းရဲ့ ရလဒ်တွေ ဆိုးဝါးနေတာနဲ့ ပတ်သတ်ပြီး အမှန်စကားတွေ ခပ်ဘွင်းဘွင်း ထုတ်ဖော် ပြောလာပါတယ်။
မက်ဂွိုင်းယားက ကစားသမားများအနေဖြင့် ရလဒ်ဆိုးရွားနေမှုအတွက် နည်းဗျူဟာပိုင်းနှင့် နည်းပြအဖွဲ့ဝင်များကို အလွယ်တကူ အပြစ်တင်နိုင်ကြောင်း၊ သို့ရာတွင် ကစားသမားများအနေဖြင့်လည်း ပိုမိုကောင်းမွန်အောင် ကစားရန် လိုအပ်ကြောင်း ပြောကြားလိုက်တာပါ။
ယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲကစားချိန်တွင် ၂ ပွဲတည်းသာ အနိုင်ရပြီး ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ဟယ်ရီ မက်ဂွိုင်းယားက “ဒါက ကျွန်တော့်ရဲ့ခြောက်ရာသီမြောက် ရာသီပါ။ ဒါတွေ ဘယ်လိုလဲဆိုတာ ကောင်းကောင်းသိတယ်။ ခက်ခဲတဲ့ကာလကို ကျော်ဖြတ်နေရတာလည်း သိတယ်။ အားလုံးကို သိတယ်။ လူတိုင်းက ကိုယ့်ကို သနားနေကြတယ်။
ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နှစ်ရာသီမှာ အကောင်းဆုံးပုံစံရနေချိန်မှာ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်ကြောင်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဆက်တိုက်ခြေစွမ်းမကောင်းတာပါ။ အခု ဒါကို စတင်ပြသဖို့ လိုအပ်နေပါပြီ”လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ၎င်းက ” အသင်းက လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူး။ ကျွန်တော်တို့ ဒီထက် ပိုကောင်းဖို့ လိုနေတာ သေချာတယ်။ ဒါပေမဲ့ ဘောလုံးသမားအနေနဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ကစားဖော်၊ နည်းပြအဖွဲ့ သို့မဟုတ် နည်းဗျူဟာကို အလွယ်တကူ အပြစ်ဖို့ နိုင်ပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကြည့်ရမယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာလည်း တာဝန်ခံမှု ရှိတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်း ပိုကောင်းနေဖို့ လိုတယ်”လို့ ပြောကြားသွားပါတယ်။