ဗီလာနဲ့ပွဲပြီးမှာ ပြုလုပ်မည့် ယူနိုက်တက် အရေးပေါ် အစည်းအဝေး ဂလေဇာနဲ့ ဆာဂျင်ရက်ကလစ်ဖ်တို့ တက်မည်
မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်များဟာ မနေသာတော့တာကြောင့် ဒီနေ့ည အက်စတွန်ဗီလာနှင့်ပွဲစဉ်အပြီး ၄၈ နာရီအကြာတွင် အချင်းချင်း အရေးပေါ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားပါတယ်။
ယူနိုက်တက်ပိုင်ရှင်တွေ ဖြစ်တဲ့ ဂျိုယေးဂလေဇာနှင့် ဆာဂျမ်ရက်ကလစ်ဖ်တို့ဟာ နည်းပြ အဲရစ်တန်ဟက်ရဲ့ အနာဂတ်မရေမရာ ဖြစ်နေတဲ့ကာလတွင် တွေ့ဆုံဆွေးနွေးဖို့ လုပ်လာတာပါ။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်အား ဆက်လက်ဦးဆောင်သင့်တဲ့ နည်းပြဖြစ်ကြောင်းအား ပေါ်တို၊ ဗီလာတို့နှင့်ပွဲတွင် ရလဒ်ကောင်းရယူပြီး သက်သေပြရပါမယ်။
ယူနိုက်တက်ဟာ ကြာသပတေးနေ့တုန်းက ပေါ်တိုနှင့် ၃ ဂိုးစီသရေကျခဲ့ပြီး ယနေ့ညတွင် ဗီလာအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။
The Athletic သတင်း ဌာနက ဗီလာပွဲအပြီး နှစ်ရက်အကြာတွင် ယူနိုက်တက်အမှုဆောင်အဖွဲ့ဝင်များဟာ အသင်းပိုင်ရှင်များနဲ့ပါ လန်ဒန်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဖော်ပြလာပါတယ်။

ယင်းဆွေးနွေးပွဲသို့ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများဖြစ်ကြတဲ့ အိုမာဘာရာဒါ၊ ဒန်းအက်ရှ်ဝတ်၊ ဂျေဆင်ဝဲလ်ကော့စ်အပြင် Ineos ရဲ့ အကြီးအကဲများဖြစ်ကြတဲ့ ဆာဂျမ်ရက်ကလစ်ဖ်၊ ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်တို့လည်း တက်ရောက်ပါမယ်။
ယူနိုက်တက် ပူးတွဲပိုင်ရှင် ဂျိုယေးဂလေဇာမှာလည်း အမေရိကန်မှ လာရောက်ကာ တက်ရောက်မှာ ဖြစ်သလို ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲ ရိုဂျာဘေးလ်၊ စီအက်ဖ်အိုကော်လက်တီရိုချာလည်း တက်ရောက်ပါမယ်။
လက်ရှိအချိန်တွင် ၎င်းတို့ဟာ ယင်းဆွေးနွေးပွဲတွင် လတ်တလော ကွင်းအတွင်း ရလဒ်ဆိုးရွားနေမှုများနှင့်ပတ်သက်ပြီး အဓိက ထား ဆွေးနွေးလာမလားဆိုတာ မသိရသေးပါဘူး။
ရက်ကလစ်ဖ်ဟာ ယခုနှစ်အစောပိုင်းတုန်းက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံဖြင့် ဝယ်ယူကာ ကလပ်ရဲ့ ကွင်းတွင်းရေးရာကိစ္စရပ်များကို လွှမ်းမိုး လုပ်ဆောင်ထားပါတယ်။
ဂလေဇာမိသားစုက ယူနိုက်တက်ရှယ်ယာ ၄၁.၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို အခြား ရင်းနှီးမြှပ်နှံသူများက ပိုင်ဆိုင်ပါတယ်။