ဗီလာနဲ့ ပွဲမှာ ယူနိုက်တက် ကံကောင်းသွားတဲ့ တစ်ချက်၊ သရေ ရလဒ်ကို ကျေနပ်သင့်ကြောင်း နှစ်သိမ့်လာသူ

ဒီကနေ့ တနင်္ဂနွေည ဗီလာပါ့ခ်ကွင်းမှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲဟာ ဂိုးမရှိ သရေ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

ပထမပိုင်းပြီးကာနီးမှာ မက်ဂွါရီဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းကို ဒီလစ်ချ်နဲ့လူစားလဲခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းက ဆက်လက်တည်ငြိမ်ခဲ့ပြီး ဗီလာတိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံး ဂိုးရဖို့အပိုင်အခွင့်အရေးများများစားစားမရခဲ့တာကြောင့် ပွဲက အတော်လေးအေးစက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗီလာက ဒူရန်ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ယူနိုက်တက်ကလည်း ဇက်ခ်ဇီနဲ့ အန်တိုနီတို့ကိုထည့်ခဲ့ပေမယ့် ထူးခြားမှုမရှိခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် ယခုသရေတစ်မှတ်က ယူနိုက်တက်အတွက်တော့ အပြုသဘောဆောင်ခဲ့ပြီး နည်းပြကြီး အဲရစ်တန်ဟက်ရဲ့ အနာဂတ်အပေါ် အနည်းနဲ့အများအကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်တို့ ကံကောင်းတဲ့ အခိုက်အတန် အချို့ ရှိခဲ့သေးပြီး ရက်ဖိုဒ့် ဒုတိယ အဝါကတ် အပြမခံခဲ့ရပါဘူး။ မဟုတ်ရင် ယူနိုက်တက်ဟာ နောက်ဆုံး ၃ ပွဲဆက် အနီကတ် ပြသခံရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားမှာပါ။

ဗီလာပါ့ခ်မှာ အခုလို သရေတစ်မှတ် ယူနိုင်ခြင်းဟာ ယူနိုက်တက်အတွက် ကောင်းသော ရလဒ်ဖြစ်တယ်လို့ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ဆိုပါတယ်။

” ဗီလာပါ့ခ်မှာ သရေတစ်မှတ် ယူနိုင်ခြင်းက ပရီးမီးယားလိဂ်က ဘယ်အသင်းအတွက် မဆို ကောင်းမွန်တဲ့ရလဒ်ပါ။ ယူနိုက်တက်တို့ ခံစစ်မှာလည်း သိပ်ကို ထူးချွန်ခဲ့ပါတယ် ” လို့ ကာရေဂါက ဆိုခဲ့တာ ဖြစ်ပါတယ်။