Breaking News: အဲရစ်တန်ဟက်နေရာမှာ အစားထိုးရန် ဝါရင့်နည်းပြ တစ်ဦးနဲ့ ဒီအင်္ဂါနေ့မှာ မန်ယူ စကားပြောမည်
မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူများဟာ အဲရစ်တန်ဟက်နေရာတွင် အစားထိုးရန်အတွက် ဒီ အင်္ဂါနေ့တွင် ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူချယ်နှင့် ဆွေးနွေးလာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက ဗီလာနှင့် တစ်ဂိုးစီသရေကျပြီးနောက် ပရီးမီးယားလိဂ်အဖွ့င်ပွဲ ၇ ပွဲတွင် ၈ မှတ်တည်းသာ ရရှိကာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီအစနှင့် ရင်ဆိုင်နေရပါတယ်။
ယင်းသို့ ရလဒ်ဆိုးရွားမှုနှင့်အတူ အဲရစ်တန်ဟက်အပေါ်တွင် ဖိအားများစွာ ကျရောက်နေပြီး ယူနိုက်တက်ဟာ ယခု နိုင်ငံတကာပွဲစဉ်များ ရက်သတ္တပတ်တွင် နည်းပြအပြောင်းအလဲ ပြုလုပ်လာဖို့ ရှိနေပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ အင်္ဂါနေ့တွင် လန်ဒန်တွင် သောမတ်စ်တူချယ်နှင့် ဆွေးနွေးလာဖို့ ရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးတဲ့ သောမတ်စ်တူချယ်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။
တူချယ်ဟာ နွေရာသီတုန်းက ယူနိုက်တက်နည်းပြရာထူးအတွက် ဆွေးနွေးခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိအချိန်တွင် ယူနိုက်တက်နည်းပြရာထူးအား ရယူရန် တံခါးဖွင့်ထားကြောင်း သိရပါတယ်။