မန်ယူ ကစားသမားသစ် နှစ်ဦးအတွက် ရင်မောစရာ ဖြစ်လာတဲ့ နည်းပြသစ် သတင်းထူး
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ်ထဲမှာ အဲရစ်တန်ဟက်နဲ့ လမ်းခွဲပြီး သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်နေကာ ဂျာမန်သားနဲ့ ပြောဆိုဆွေးနွေးတော့မယ်လို့ သတင်းကြီးနေပါတယ်။
နည်းပြ တူချယ်ဟာ ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ချယ်ဆီးတို့ကို ကိုင်တွယ်ကာ ဆုဖလားတွေ ယူပေးခဲ့တဲ့ နည်းပြ ဖြစ်ပြီး နောက်ဆုံး လမ်းခွဲထားတာက ဘိုင်ယန်မြူးနစ် အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နွေတုန်းကလည်း တူချယ်နဲ့ နည်းပြ ရာထူးအတွက် အင်တာဗျူးခဲ့သေးပြီး အဆုံးမှာ တန်ဟက်ကို ဆက်ထားဖို့ပဲ ရွေးချယ်ခဲ့တာပါ။
ဒါပေမယ့် နည်းပြ တန်ဟက်နဲ့ အတူ ဒီရာသီ အစောပိုင်းမှာတင် နလန်မထူနိုင်အောင် ရလဒ်တွေ ဆိုးလာနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားလာရပြီ ဖြစ်ပါတယ်။
ဗီလာနဲ့ ပွဲ အပြီးမှာတော့ တူချယ်နဲ့ ဆွေးနွေးမယ် ဆိုတဲ့ သတင်းတွေ မန်ချက်စတာ အသိုင်းအဝိုင်းထဲက ထွက်ပေါ်လာတာပါ။
ဒါပေမယ့် တူချယ် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာမှာကို လုံးဝ လိုလားမှာ မဟုတ်တဲ့ ယူနိုက်တက် အသင်းသား တချို့က ရှိနေနှင့်ပါတယ်။

နွေတုန်းက မန်ချက်စတာ ယူနိုက်တက် ဘိုင်ယန်ကနေ ခေါ်ယူခဲ့တဲ့ ဒီလစ်နဲ့ မာဇာရာဝီတို့ဟာ တူချယ်နဲ့ ပြန် လက်တွဲရမှာကို လိုလားဖွယ် မရှိပါဘူး။ တူချယ်နဲ့ အတူ ဘိုင်ယန်မှာ ရှိခဲ့စဉ်က ၎င်းတို့ အခြေအနေက အဆင်ပြေပြေ မရှိခဲ့ပါဘူး။
ဒီလစ်ဟာ 2023-24 ရာသီမှာ ဘိုင်ယန်ရဲ့ တတိယ ဦးစားပေး နောက်ခံလူ အဖြစ်သာ ရှိခဲ့ပြီး သူ့ရဲ့ မပျော်ရွှင်မှုကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုဖူးပါတယ်။
ဒီလစ် အပြင် မိုရိုကိုသား နောက်ခံလူ မာဇာရာဝီကလည်း တူချယ်လက်ထက် ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၂၄ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။
ဒီလစ်နဲ့ မာဇာရာဝီတို့ကို ခေါ်ယူမှုမှာ တန်ဟက်က အရေးပါတဲ့ နေရာက ပါဝင်ခဲ့ပြီး ၎င်းသာ ထွက်ခွာရမယ် ဆိုရင် နည်းပြသစ်ကို ယခင် ကလပ်ဟောင်းက နည်းပြနဲ့ ပြန်လက်တွဲလိုကြမယ် မထင်ပါဘူး။