မန်ယူကနေ ကန်ထုတ်ခံခဲ့ရပေမယ့် သူ မအိုသေးကြောင်း တစ်ပွဲတည်း ပယ်နယ်တီ ၂ ကြိမ် ကာကွယ်ပြခဲ့တဲ့ ဒီဂီယာ
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ ဖီအိုရင်တီးနားအသင်းမှာ ကစားနေပြီး ပြီးခဲ့တဲ့ ရက်က အေစီမီလန်နဲ့ ပွဲမှာ တစ်ပွဲတည်း ပယ်နယ်တီ ၂ ကြိမ် ကာကွယ်ကာ သူ မအိုသေးကြောင်း သက်သေပြခဲ့ပါတယ်။
ဖီအိုရင်တီးနားအသင်းရဲ့ စပိန်ဝါရင့်ဂိုးသမား ဒီဂီယာဟာ အေစီမီလန်ကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ စီးရီးအေပွဲမှာ မယုံနိုင်လောက်အောင်ပဲ တစ်ပွဲတည်း ပယ်နယ်တီ ၂ ကြိမ်ကာကွယ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ဒီဂီယာက သီယိုဟာနန်ဒက်ဇ်ရဲ့ ပယ်နယ်တီကို ပုတ်ထုတ်ခဲ့သလို ဒုတိယပိုင်းမှာလည်း အေစီမီလန်တိုက်စစ်ကစားသမား အေဘရာဟမ်ရဲ့ ပယ်နယ်တီကိုလည်း လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။
အေစီမီလန်နဲ့ပွဲမှာ ဒီဂီယာဟာ ပယ်နယ်တီ ၂ ကြိမ်အပါအဝင် အေစီမီလန်အသင်းရဲ့ ဂိုးပေါက်ကန်ချက် ၇ ကြိမ်ကို ကာကွယ်ခဲ့ပြီး ဒီဂီယာ လက်စွမ်းပြခဲ့လို့သာ ဖီအိုရင်တီးနားအသင်း အဖိုးတန် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဂီယာဟာ ၂၀၂၂-၂၃ ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲပြီးတဲ့နောက် ဘောလုံးလောကနဲ့ ၁ နှစ်ကျော်ဝေးကွာပြီးမှ ဒီရာသီအစပိုင်းက ဖီအိုရင်တီးနားအသင်းဆီ ရောက်ရှိခဲ့ပါတယ်။

ဘောလုံးလောကနဲ့ ၁ နှစ်ကျော်ဝေးကွာခဲ့ပေမဲ့လည်း ဒီဂီယာရဲ့စွမ်းဆောင်ရည်ကတော့ အရင်အတိုင်း ထက်မြက်နေဆဲဖြစ်ပြီး အခုဆိုရင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း ပယ်နယ်တီ ၂ ကြိမ်ကာကွယ်နိုင်တဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ပါပြီ။
ဒီဂီယာဟာ Conference League ခြေစစ်ပွဲတုန်းကလည်း Puskas Akademia နဲ့ပွဲ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ ပယ်နယ်တီကာကွယ်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းကို ခြေစစ်ပွဲအောင်မြင်အောင် ကူညီပေးခဲ့ပါတယ်။
အေစီမီလန်နဲ့ပွဲအပြီး X(Twitter)မှာ ဒီဂီယာက ‘စပိန်မှာ ဘောလုံးသမားဘ၀ စတင်ခဲ့တယ် . . မန်ချက်စတာမြို့မှာ အကောင်းဆုံးအချိန်တွေ ဖြတ်သန်းခဲ့ရတယ် . .အခုတော့ အီတလီကို ချစ်မြတ်နိုးနေပြီ’လို့ Post တင်ခဲ့ပါတယ်။
ဒီဂီယာရဲ့ Post ကို ယူနိုက်တက်ပရိသတ်တွေက ကျေနပ်ဝမ်းမြောက်နေကြပြီး ‘Once a red, always a red!!’ ၊ ‘မင်းအတွက် ငါ အရမ်းဝမ်းသာပါတယ် . .ဒီဂီယာရေ။ တန်ဟက်ရဲ့ မလေးမစား ဆက်ဆံမှုနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ မြက်ခင်းစိမ်းပေါ်မှာ ပြန်ခြေချနိုင်တာကိုတွေ့ရတာ ကျေနပ်စရာပါပဲ . .’၊ ‘ဒီဂီယာ အခုလို လက်စွမ်းပြနိုင်တာကို မြင်တွေ့ရလို့ ဝမ်းသာမိပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီဂီယာကို လက်လွှတ်မခံခဲ့သင့်ပါဘူး’လို့ ရေးသားခဲ့ကြပါတယ်။