တနေကုန် အစည်းအဝေး လုပ်ခဲ့ပေမယ့် တန်ဟက်ကို မဖြုတ်ရဲသေးတဲ့ မန်ယူ အသင်းပိုင်ရှင်များ၊ အကြီးအကဲများ
မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်တွေနဲ့ အသင်း တာဝန်ရှိသူ အကြီးအကဲတွေဟာ အင်္ဂါနေ့က လန်ဒန်မှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အစည်းအဝေးကို ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလဖစ်နဲ့ အတူ ဂျိုဝယ် ဂလေဇာ၊ ဆာ ဒေ့ဗ် ဘရေ့စ်ဖို့ဒ်နဲ့ ဂျင်းန် ကလောက်ဒ် ဘလန့်တို့ ပါဝင်သလို INEOS မှ ကိုယ်စားလှယ် နှစ်ဦးလည်း ပါဝင် တက်ရောက်ခဲ့ ပါတယ်။

ယူနိုက်တက် အသင်း တာဝန်ရှိသူတွေထဲ က ဆိုရင် စီအီးအို အိုမာ ဘရာဒါ၊ အားကစား ဒါရိုက်တာ ဒန် အက်စ်ဝါ့သ်၊ နည်းစနစ် ဒါရိုက်တာ ဂျေဆန် ဝဲလ်ကော့စ် တို့နဲ့ ဘဏ္ဍာရေး အကြီးအကဲ ရော်ဂျာဘဲလ်၊ စီမံအကြီးအကဲ ကောလက် ရို့ချ်တို့ ပါဝင်ပါတယ်။
အင်္ဂလန် နာမည်ကြီး The Times သတင်းဌာန အဆိုအရ ထို အစည်းအဝေးဟာ အနည်းဆုံး ၆ နာရီ ကြာမြင့်ခဲ့တယ် လို့ သိရပါတယ်။ ဒါပေမယ့် အစည်းအဝေး အပြီးမှာတော့ အဲရစ်တန်ဟက်ကို ဆက်ထားဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲရစ်တန်ဟက် ဟာ သူ့ နည်းပြ ရာထူး အန္တရာယ် ရှိနေပြီလို့ အသိပေးမှု ရရှိထားခြင်းတောင် မရှိဘူး လို့ သိရပါတယ်။
နည်းပြ တန်ဟက်ဟာ လက်ရှိမှာ အားလပ်ရက် အပန်းဖြေ ခရီး ထွက်သွားပြီ ဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ် အပြီး ကန်မယ့် ဘရန့်ဖို့ဒ် ပွဲအမှီ ပြန်လာမှာ ဖြစ်ပါတယ်။