တန်ဟက် လုပ်ဆောင်ထားတာတွေက ပြောင်မြောက်ပါတယ်လို့ ထောက်ခံချက် ပေးလိုက်တဲ့ ဒေးဗစ် မိုရက်စ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း ဒေးဗစ် မိုရက်စ်က လက်ရှိ အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက် ဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ရုန်းကန်နေခဲ့ရပေမယ့်လည်း သူက ယူနိုက်တက်မှာ သူ့အလုပ်ကို ပြောင်မြောက်စွာ လုပ်ဆောင်နေတယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

နည်းပြ တန်ဟက် ဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ယူနိုက်တက်ကို အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ရယူပေးနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ ရာသီအစပိုင်းမှာတင် အသင်းက အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆိုးရွားဆုံး တာအထွက်နဲ့ ကြုံတွေ့နေရပြီး (၇)ပွဲကစား (၈)မှတ်သာ ရထားသလို အဆင့် (၁၄)နေရာထိပါ ရောက်ရှိနေပါတယ်။

ဒါ့အပြင် တန်ဟက် ရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် (၇)ပွဲမှာ (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာ ဆောက်သမ်တန်အသင်းပြီးရင် တိုက်စစ်အဆိုးရွားဆုံးအသင်းလည်း ဖြစ်နေရပါတယ်။

ဒီလို အခြေအနေဆိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် နည်းပြဟောင်း မိုရက်စ်ကတော့ တန်ဟက်ဂ်ကို အားပေး ထောက်ခံမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

“ဒါက တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒီလို အလုပ်မျိုးကို ရယူလိုက်ချိန်မှာကတည်းက ဒါမျိုးတွေက အမြဲ ဖြစ်နေရမှာပါ။”

“အဲရစ် တန်ဟက် က သူတွေ့ကြုံနေရတဲ့ အခြေအနေမှာ အလွန်ထက်မြက်တဲ့ ခံနိုင်ရည်ရှိမှုကို ပြသထားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကိုယ်သူ ဘယ်လောက်အထိ ကောင်းကောင်း ဦးစီးဦးရွက်ပြုခဲ့သလဲဆိုတာကို အသိအမှတ်ပြုသင့်ပါတယ်။

ပြီးတော့ သူက မေးခွန်းတိုင်းကိုရော ဘယ်မီဒီယာတွေရဲ့ အင်တာဗျူးတိုင်းကိုမဆို မဖြေပဲ ရှောင်သွားတာတွေလည်း မမြင်မိဘူး။ .. ဆိုတော့ အဲ့ဒီအတွက်လည်း သူ့ကို ကြီးကြီးမားမား အသိအမှတ်ပြုသင့်ပါတယ်။

ဒါပေမယ့်လည်း ဒီအလုပ်က အလွန်ကြီးမားတဲ့ ဖိအားတွေ ကပ်ပါနေတက်သလို လူတွေရဲ့ ပြောဆိုဝေဖန်မှုတွေလည်း ရှိနေတက်တဲ့ အလုပ်ပါ။ ဒါကို သူက ပြောင်မြောက်အောင် လုပ်ဆောင်နေတယ်လို့ ကျွန်တော် ထင်မိပါတယ်။” လို့ မိုရက်စ်က သုံးသပ်သွားခဲ့ပါတယ်။