ယူနိုက်တက် အတွက် ပြန်လာတော့မယ်လို့ သတင်းပါးလိုက်တဲ့ အမေ့လျော့ခံ သရဲနီ အသင်းသား
ဒီနွေ မန်ချက်စတာ ယူနိုက်တက် ခေါ်ယူထားတဲ့ ဆယ်ကျော်သက် နောက်ခံလူသစ်လေး ယိုရို ဟာ ခြေဖမိုးရိုး ကျိုးတဲ့ ဒဏ်ရာ အတွက် ခွဲစိတ်မှု ပြုလုပ်ခဲ့ရကာ အနားယူနေရပြီး ပရိသတ်တွေရဲ့ အမေ့လျော့ခံ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတည်းက အနားယူနေရတဲ့ ယိုရိုဟာ သူ ပြန်လာနေပြီ သက်သာနေပြီ ဖြစ်ကြောင်း ယူနိုက်တက် ပရိသတ်တွေအား လူမှုကွန်ယက် ကနေ တဆင့် အသိပေးခဲ့ပါတယ်။
ယိုရိုက သူ ပြန်လာတော့မယ့် အကြောင်း “On the way back” လို့ ရေးသားကာ အင်စတာဂရမ်မှာ ဗီဒီယို တစ်ခု တင်ထားခဲ့တာပါ။

ဟယ်ရီ မက်ဂွဲရား ဒီတပတ် ဒဏ်ရာ ရသွားတာကြောင့် ခေါင်းကိုက်နေရတဲ့ နည်းပြ တန်ဟက် အတွက်တော့ ယိုရို ပြန် ကစားနိုင်မယ် ဆိုရင် သတင်းကောင်း ပဲ ဖြစ်ပါတယ်။
ယိုရိုဟာ ခန့်မှန်းခြေ ၃ လ လောက် နားရမှာ ဖြစ်ပြီး နိုဝင်ဘာလ အစောပိုင်းလောက်မှာ ပြန်လည် ကစားနိုင်ဖွယ် ရှိပါတယ်။
အသက် ၁၈ နှစ် အရွယ် နောက်ခံလူ ယိုရို ဟာ အမေရိကန်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။
ယိုရိုကတော့ ယူနိုက်တက်ထံ ရောက်လာပြီး စောစော ဒဏ်ရာရသွားသည့်တိုင် အမြန်ဆုံး ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။