တန်ဟက် ကို ထုတ်ဖို့ အစည်းအဝေးမှာ ရှားပါး တောင်းဆိုခဲ့တဲ့ မန်ယူ အကြီးအကဲနဲ့ ဆွေးနွေးခဲ့မှုများ
ပြီးခဲတဲ့ ရက်ပိုင်းက မန်ချက်စတာ ယူနိုက်တက် အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးပွဲတွင် အဲရစ်တန်ဟက်အား ရာထူးမှ ထုတ်ပယ်ရန် ခေါင်းဆောင်တစ်ဦး တောင်းဆိုခဲ့မှုနှင့်အတူ တန်ဟက်မှာ ဖိအားများအောက်သို့ ကျရောက်နေဆဲ ဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး ရာသီအစနှင့် ကြုံနေရမှုနှင့်အတူ ဖိအားများအောက်သို့ ကျရောက်နေပါတယ်။
အိုးထရက်ဖို့ဒ်အကြီးအကဲများဟာ ကြာသပတေးနေ့တုန်းက လန်ဒန်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် အဲရစ်တန်ဟက်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြပါတယ်။
ယင်းအစည်းအဝေးသို့ ယူနိုက်တက်ပူးတွဲပိုင်ရှင်များဖြစ်ကြတဲ့ ဆာဂျမ်ရက်ကလစ်ဖ်၊ ဂျိုယေးဂလေဇာ၊ စီအီးအိုအိုမာဘာရာဒါ၊ အားကစားဒါရိုက်တာဒန်အက်ရှ်ဝတ်၊ နည်းစနစ် ဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့စ်နှင့် ဒါရိုက်တာ ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
The Independent က ယင်းအစည်းအဝေးတွင် တစ်ဦးက အဲရစ်တန်ဟက်အား ထုတ်ပယ်ရေးအတွက် အတိုက်အခံပြုလုပ်ကာ တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့ကြပြီး အချို့ကလည်း မထုတ်ပယ်ဘဲ အချိန်ပေးသင့်ကြောင်း ပြောဆိုကာ အပြန်အလှန် ငြင်းခုံခဲ့ကြပါတယ်။

တဖက်တွင် ယူနိုက်တက်တာဝန်ရှိသူများဟာ အဲရစ်တန်ဟက်ထုတ်ပယ်ပြီးပါက မည်သူနှင့် အစားထိုးမလဲဆိုတာနှင့် ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်မည်ဆိုပါက ကလပ် သမိုင်းတွင် အကြီးမားဆုံးနစ်နာကြေးပေးရမှုအဖြစ် ပေါင် ၁၇.၅ သန်းအထိပေးရပါဦးမယ်။
ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်မည်ဆိုပါက ချဲလ်ဆီးနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း သောမတ်စ်တူချယ်ကို ခန့်အပ်ရန် စဉ်းစားနေတာပါ။
ဒါပေမဲ့ ယူနိုက်တက်တာဝန်ရှိသူများက လက်ရှိ ယူနိုက်တက်ကစားသမားများမှာ အဲရစ်တန်ဟက်ရဲ့ နောက်တန်း ၄ ဦးစနစ်နှင့်သာ အံဝင်ကာ တူချယ်ရဲ့ နောက်တန်း ၃ ဦးစနစ်နှင့် အံမဝင်ဘူးလို့လည်း ယူဆနေကြပါတယ်။
ဒီလို အနေအထားကြောင့် ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့ အနေအထားကို ဆက်လက် စောင့်ကြည့်ပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်ရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီးပါက ချက်ချင်း နည်းပြသစ်မခန့်အပ်ဘဲ ယာယီနည်းပြအဖြစ် ခန့်အပ်ရန်လည်း ကြိုတင်စဉ်းစားထားပါတယ်။