ပြန်လာတော့မယ့် ဆိုးလ်ရှား၊ တန်ကြေးကြီး ထိပ်တန်း ၁ဝ သင်းထဲ ပါဝင်ခြင်း၊ ခွဲစိတ်ရဖွယ် ရှိတဲ့ မာဇာရာဝီနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားတစ်ယောက် နည်းပြလောကထဲ ပြန်လည် ဝင်ရောက်လာဖို့ ကလပ်အသင်းအတော်များများနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

မန်ယူအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက နည်းပြလောကမှ အနားယူထားတဲ့ ဆိုးလ်ရှားဟာ ဒိန်းမတ် လက်ရွေးစင် အသင်းနဲ့လည်း သတင်းထွက်ပေါ်နေသူ တစ်ယောက် ဖြစ်ပြီး မန်ယူအသင်း ပရိသတ်အချို့ကတော့ အိုးထရတ်ဖို့ဒ်ကို ပြန်လာဖို့ ဖိတ်ခေါ်နေကြပါတယ်။

ဒါပေမယ့် မန်ယူ တာဝန်ရှိသူတွေကတော့ ဆိုးလ်ရှားကို နည်းပြ အဖြစ် ပြန် မခန့်အပ်လိုကြပါဘူး။

မန်ယူအသင်း နောက်ခံလူသစ် မာဇာရာဝီ တစ်ယောက် နှလုံးခုန် မူမမှန်တဲ့ ပြသနာ ရှိနေပြီး နှလုံးခွဲစိတ်မှု ပြလုပ်ဖို့အထိ လိုအပ်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဝိန်း ရွန်းနီကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ သူ့ကို အထင်ကြီးစေတဲ့ အသင်းက ပြိုင်ဘက်ဟောင်း လီဗာပူးပဲလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ် ကတော့ သူ နည်းပြလောကထဲ ပြန်ဝင်လာဦးမှာ မဟုတ်ဘဲ နောက်အလုပ် မတိုင်ခင် ပြည့်ပြည့်ဝဝ အနားယူဦးမယ်လို့ ဆိုပါတယ်။ ဆောက်ဂိတ်ကို ဆာဂျင် ရက်ကလစ်ဖ်က မန်ယူ နည်းပြ ရာထူး ခန့်အပ်လိုနေတာပါ။

CIES Football Observatory ရဲ့ တန်ကြေးအကြီးဆုံး အသင်း ၁၀၀ စာရင်းကို ကိုးကားပြီး ဖော်ထုတ်လာခြင်းဖြစ်ကာ ထိပ်ဆုံး ၁၀ သင်းထဲမှာ ၆ သင်းက အင်္ဂလန်ကလပ်တွေဖြစ်ပါတယ်။ မန်ယူ က အဆင့် ၆ နေရာမှာ ရှိပါတယ်။