တော်မီနေးကို မန်ချက်စတာ ယူနိုက်တက်တို့ ထုတ်ရောင်းတာ သြချနေတဲ့ နာမည်ကြီး နည်းပြ
အီတလီ ကစားသမားဟောင်း ဖြစ်သလို နည်းပြဟောင်းဖြစ်တဲ့ ပါဗလို ဒီကာနီယိုကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေ ကစားသမား ရောင်းချမှုက အံ့အားသင့်ဖွယ် သြချဖို့ ကောင်းကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
နွေတုန်းက ကွင်းလယ်လူ မက်တော်မီနေးကို နာပိုလီအသင်းထံ ပေါင် ၂၅ သန်းနဲ့တင် ရောင်းချခဲ့တဲ့ ယူနိုက်တက် ဘုတ် အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ရာဇဝတ်မှုတောင် မြောက်တယ်လို့ သူက ထင်မြင်နေတာပါ။
နေပယ်ကို တော်မီနေး ရောက်လာပြီးတည်းက ကွင်းလယ်လူဟာ တစ်ဆင့်မြင့်တဲ့ အနေအထားကို တိုးတက်လာခဲ့ကာ နောက်ဆုံး ၃ ပွဲအတွင်း ၂ ဂိုး သွင်းယူထားပြီး နာပိုလီအသင်းအတွက် အရေးပါသူအဖြစ် နေရာရလာနေပါပြီ။

ဒီကာနီယို က တော်မီနေးလို ကစားသမားကို ပေါင် ၂၅ သန်းနဲ့ ထုတ်ရောင်းတဲ့ ယူနိုက်တက် လုပ်ရပ်ကို အံ့သြ စိတ်ပျက်နေတာပါ။
‘ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒါရိုက်တာ အားလုံး အဖမ်းခံရစေချင်တယ်ဗျာ။ သူတို့ ဘယ်လိုတောင် တော်မီနေးကို ရှင်းထုတ်လိုက်တာလဲ?
အခြားအသင်းတွေ တိုးတက်လာသလို နာပိုလီကလည်း တိုးတက်လာတယ်။ တိုက်စစ်ပိုင်း အခြေအနေတွေတင် မဟုတ်ဘဲ ခံစစ်ပိုင်း လုပ်ဆောင်မှုနဲ့ မိနစ် ၉၀ အပြည့် ကစားနိုင်စွမ်းတွေမှာပါ တိုးတက်လာတာပါ ’ လို့ ဒီကာနီယိုက အီတလီ မီဒီယာတွေကနေ တဆင့် ထောက်ပြခဲ့ပါတယ်။
နာပိုလီဟာ အမှတ်ပေးပွဲ ၇ ပွဲကစားထားပြီး ရမှတ် ၁၆ မှတ် ရထားကာ ဒီရာသီ စီးရီးအေဖလားကို အောင်မြင်ဖို့ အခွင့်အရေးရှိတဲ့အသင်းအဖြစ် မှတ်ယူခံလာရပြီ ဖြစ်ပါတယ်။