ဂန္တဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန်ကို မန်ချက်စတာ ယူနိုက်တက်က သံတမန် ရာထူးကနေ ထုတ်ပယ် အနားပေး

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ သံတမန် စာချုပ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စကော့တလန်လူမျိုးနည်းပြကြီးနဲ့ သရဲနီတွေကြားက ပတ်သက်ဆက်နွယ်နေမှုကို ရပ်တန့်လိုက်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ၂၆ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ နည်းပြဘဝကနေ အနားမယူခင် အိုးထရက်ဖို့ဒ်မှာ ဆုဖလား ၃၈ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်၊ အသင်းဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အနားယူပြီးနောက်မှာတောင်မှ တစ်နှစ်ကို ပေါင် ၂.၁၆ သန်းအထိ ရရှိနေတာဖြစ်ပါတယ်။

ရက်ကလစ်ဖ်နဲ့ INEOS တို့ဟာ မန်ချက်စတာယူနိုက်တက်အတွက် ကုန်ကျစရိတ်တွေကို လျှော့ချဖို့အတွက် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်အတွက် ကုန်ကျစရိတ်ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

The Athletic ရဲ့ သတင်းအရ ရက်ကလစ်ဖ်ဟာ ဖာဂူဆန်နဲ့ အစည်းအဝေး လုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ စကော့လူမျိုးနည်းပြဟောင်းအတွက် ငွေကြေးပေးချေမှုတွေ မပြုလုပ်တော့မယ့်အကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ နည်းပြ တန်ဟက်ကို ထုတ်ပယ်ဖို့သာ အတော် တွေဝေ အဖန်တလဲလဲ စဉ်းစားနေရပေမယ့် ဆာအဲလက်စ် ဖာဂူဆန်လို ဂန္တဝင်ကိုတောင် ရှင်းထုတ်ပစ်ဖို့ လက်သွက်တာကြောင့် ဝေဖန်မှုတွေ ခံယူနေရပါတယ်။