ဒဏ်ရာရ စာရင်းမှာ ထပ်တိုး ဝင်လာတဲ့ အူဂါတီနဲ့ ဥရုဂွေးသားရဲ့ အခြေအနေ

မန်ချက်စတာယူနိုက်တက်ဟာ အီကွေဒေါနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ကြွက်သား ဒဏ်ရာပြဿနာကြောင့် မန်နူရယ် အူဂါတီ လူစားလဲခံခဲ့ရပြီးနောက် နောက်ထပ်ဒဏ်ရာပြဿနာ စိုးရိမ်စရာနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

အူဂါတီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီကနေ ပြောင်းလာပြီးကတည်းက ဒဏ်ရာပြဿနာကြောင့် ရာသီအစောပိုင်းပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပြီး ကြွံ့ခိုင်မှု ပြည့်ဝနေချိန်မှာလည်း တန်ဟက်က ပုံမှန်အသုံးပြုခဲ့တာမျိုးမရှိဘဲ နောက်ဆုံးကစားခဲ့တဲ့ ပေါ်တို၊ အက်စတန် ဗီလာတို့နဲ့ပွဲမှာ ထည့်မသုံးခဲ့ပါဘူး။

ဒါပေမယ့် အူဂါတီဟာ ပီရူးနဲ့ပွဲမှာ ဥရုဂွေးအတွက် မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့ပြီးနောက် အီကွေဒေါနဲ့ပွဲစဉ်မှာလည်း ပွဲထွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ သက်တောင့်သက်သာ မဖြစ်မှုကြောင့် လဲကျသွားခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးသတင်းဌာန Tenfield ရဲ့ ဖော်ပြချက်အရ အူဂါတီဟာ မြေကြီးပေါ် ပစ်လှဲချပြီး လူစားလဲလှယ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် နီကိုးလတ်စ် ဖွန်ဆီကာက လူစားဝင်ကစားပေးခဲ့တာလို့ သိရပါတယ်။

အူဂါတီက ညာဘက်ပေါင် ကြွက်သားနာကျင်မှု ခံစားနေရတယ်လို့ စောဒကတက်ခဲ့ပြီး ဒဏ်ရာကို စစ်ဆေးပြီးနောက် ဥရုဂွေး ဆရာဝန် အန်နရီကေး ရာမို့စ်က နာကျင်နေတဲ့ နေရာတဝိုက်ကို ရေခဲအိတ်ကပ်ပေးခဲ့တာဖြစ်ပါတယ်။

အူဂါတီရဲ့ဒဏ်ရာအတိမ်အနက်က ဘယ်လောက်အထိ ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း ဒီအပတ် ဘရန့်ဖို့ဒ်နဲ့ ကစားမယ့်ပွဲစဉ်ကိုတော့ ပါဝင်ကစားပေးနိုင်ဖွယ် မရှိပါဘူး။

မန်ချက်စတာယူနိုက်တက်အတွက်တော့ အောက်တိုဘာ နိုင်ငံတကာပွဲအားလပ်ရက်ဟာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး လီဆန်ဒရို မာတီနက်ဇ်၊ ဂါနာချို၊ မိန်းနူး၊ အာမက် ဒီရယ်လို၊ မေဆန် မောင့်၊ ဟာရီ မက်ဂွိုင်းယားတို့အားလုံးဟာ ကြံ့ခိုင်မှုရဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။