အဲရစ် တန်ဟက် နောက်ထပ် ဘယ်နှပွဲပဲ အချိန်ရမလဲ၊ သတိပေးခြင်း ခံထားရပါပြီ
နည်းပြ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ရဲ့ လာမယ့် ပွဲ ၂ ပွဲတွင် ရလဒ်မကောင်းပါက ထုတ်ပယ်ခြင်းခံရမယ်လို့ အပြင်းအထန် သတိပေးခြင်းခံလာရပါတယ်။
တန်ဟက်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး ရာသီအစနှင့် ကြုံရပြီးနောက် ဖိအားများအောက်သို့ ကျရောက်နေပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်နေပြီး ပရီးမီးယားလိဂ်ပွဲ ၇ ပွဲတွင် ၈ မှတ်တည်းသာ ရရှိကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
အဲရစ်တန်ဟက်ဟာ ပေါ်တို၊ ဗီလာတို့နှင့် သရေကစားနိုင်ခဲ့ပြီးနောက် ရာထူးအား ဆက်ထိန်းထားနိုင်ခဲ့ပေမဲ့လည်း အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်နေရတုန်း ဖြစ်ပါတယ်။
Football Insider ရဲ့ ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ လာမယ့် ၂ ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိပါက အဲရစ်တန်ဟက်အား အိုးထရက်ဖို့ဒ်မှ ကန်ထုတ်ရန် အသင့်ရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအပြီးတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှာ အိုးထရက်ဖို့ဒ် ကွင်းတွင် ဘရန့်ဖို့ဒ်အား ဧည့်ခံကစားရပါမယ်။ ယင်းပွဲအပြီးတွင် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ တူရကီသို့ သွားရောက်ကာ နည်းပြဟောင်းမော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီနှင့် ယူရိုပါလိဂ်ပွဲစဉ် ကစားရပါမယ်။
အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်တွင် ထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့ပေမဲ့ အက်ဖ်အေဖလား ဆွတ်ခူးကာ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ပြီးနောက် တစ်နှစ်စာချုပ် သက်တမ်းတိုးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒတ်ချ်လူမျိုးနည်းပြဟာ လာမယ့် နှစ်ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိပါက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံလာရတော့မှာ ဖြစ်ပါတယ်။