နည်းပြသစ် တရားဝင် ဖြစ်လာတဲ့ ရန်းနစ်၊ ဟာလန်းအတွက် တိုက်တွန်းမှုနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ထိ ကလပ်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ပေးဖို့ ရန်းနစ် ကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန်သွားပါတယ်။

မန်ယူ ဂိုးသမားဒီဂီယာက လက်ရှိသူတို့အသင်းရဲ့အခြေအနေဟာ အနည်းငယ် ထူးခြားလျက်ရှိကြောင်း၊ သူတို့ရဲ့ ကစားပုံက အလွန်ဆိုးရွားခဲ့ပေမဲ့ လက်ရှိမှာ အနည်းဆုံးတော့ ခံစစ်ကစားပုံ ကောင်းမွန်လာပြီဖြစ်ကြောင်း၊ အတူတကွ စုစည်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းကတော့ နည်းပြသစ် ရန်းနစ်အနေနဲ့ စီရော်နယ်ဒို၊ ပေါ့ဂ်ဘာ၊ ရက်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကို ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ သူတို့လေးယောက်ဟာ လုပ်အားနှုန်း ကောင်းမွန်ခြင်းမရှိဘဲ ပြေးလွှားခြင်း မရှိကြောင်း၊ ဘောလုံးမှာ လုပ်အားနှုန်းကောင်းဖို့က လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။

နည်းပြသစ် ရန်းနစ်က ဆိုးရှားတုန်းကထက် ပိုပြီး ကစားခွင့်ပေးမယ်ဆိုရင် လင်ဂတ်ဟာ မန်ယူနဲ့ စာချုပ်သစ်အတွက် ငြင်းပယ်ခဲ့တာ ရုပ်သိမ်းပြီး ဆွေးနွေးမှု ပြန်လည် စတင်နိုင်ဖွယ်ရှိပါတယ်။

မန်ယူ လက်ထောက် နည်းပြဟောင်း မူလင်စတီးက ယာယီနည်းပြသစ် ရန်းနစ်အနေနဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ကြောင်း၊ မန်ယူပရိသတ်တွေအနေနဲ့လည်း ဟာလန်းကို ခေါ်ယူဖို့မျှော်လင့်နေမှာဖြစ်ကြောင်း၊ ဟာလန်းနဲ့ ရန်းနစ်တို့အကြား ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ တကယ်လို့ ဘာစီလိုနာကနေ ထွက်ခွာဖြစ်ခဲ့ရင် မန်ယူထက် နယူးကာဆယ်ကိုပြောင်းရွှေ့ဖွယ်ရှိနေကြောင်း El Nacional က ဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ ဒမ်ဘီလီကို လာမဲ့အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲက မန်ယူရဲ့ လူစာရင်းရွေးချယ်မှုမှာ ရန်းနစ်ရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ်ဆိုတဲ့ ဂယ်ရီနဗီးလ်ရဲ့ စွပ်စွဲချက်ကို ကာရစ်က ငြင်းဆန်ခဲ့ပြီး ပွဲကြပ်တွေကြောင့် သူ စီမံတာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ရန်းနစ်က ဘောလုံးလောကအတွင်း လေးစားစရာပုဂ္ဂိုလ်ဖြစ်ပေမဲ့ ထိပ်တန်း အသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖူးခြင်းမရှိတဲ့အပေါ် စိုးရိမ်မိကြောင်း ဆိုခဲ့ပါတယ်။

ရန်းနစ်ဟာ စည်းကမ်း တင်းကြပ်ပြီး အသင်းကို တည်ဆောက်မှုကောင်းမွန်လို့ မန်ယူကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်တယ်လို့လည်း ဘာဘာတော့ဗ်က ဆို ပါတယ်။