မြိုင်ဆိုင်တဲ့ တိုက်စစ်နဲ့ အိုးထရက်ဖို့ဒ်မှာ ပျားတုပ်ခံရလုနီး ရင်ခုန်ခဲ့ရတဲ့ မန်ယူရဲ့ ဘရန့်ဖို့ဒ်ကို နိုင်တဲ့ ပွဲ

မန်ချက်စတာ ယူနိုက်တက်က စနေည အိုးထရတ်ဖိုဒ့်မှာ ဘရန့်ဖိုဒ့်ကို ဂနာချို၊ ဟွိုင်လန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဖိအားများနေတဲ့ နည်းပြတန်ဟက်တော့ သက်သာရာ ရသွားစေခဲ့မှာပါ။

ဟွိုင်လန်း၊ ဂနာချို၊ ရက်ဖိုဒ့်တို့စစ်အတွဲဖြင့် ပွဲထွက်ခဲ့တဲ့ ယူနိုက်တက်ဟာ ပထမပိုင်းမှာ ထက်မြက်တဲ့ ခြေစွမ်းခြေစ မပြနိုင်ခဲ့ပါဘူး။ ဂိုးသွင်းနိုင်ဖို့ ခက်ခဲသလို ခံစစ်ပိုင်း အမှားတွေ မကြာခဏ မြင်ခဲ့ရပါတယ်။ ဒါကြောင့် ပထမပိုင်း အပြီးမှာ ဘရန့်ဖို့ဒ်က ၁-ဝ နဲ့ ဦးဆောင်ထားနိုင်ခဲ့သေးတာပါ။

ဘရန့်ဖိုဒ့်ဟာ ယူနိုက်တက်ကို ကောင်းကောင်းကြီး ရင်ဆိုင်နိုင်ခဲ့ပြီး အန္တရာယ်များတဲ့ ထိုးဖောက်မှုတွေ လုပ်ခဲ့ပါတယ်။ ယူနိုက်တက်ဘက်က အခွင့်အရေးကောင်း ရခဲ့တာတွေရှိပြီး ဂနာချိုဆိုရင် ဦးဆောင်ဂိုးပါ ယူနိုင်သင့်တာဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်ရဲ့ အဖွင့်ဂိုးက အိုနာနာတို့ရဲ့ ခံစစ်ကို သိပ်ပြီး အပြစ်ပြောလို့ မရပါဘူး။ ကွင်းပြင်မှာ ဒီလစ် ဆေးကုသခံယူဖို့ ရှိနေဆဲ အချိန် ရတဲ့ ထောင့်ကန်ဘောကနေ ဘရန့်ဖိုဒ့်ဘက်က ပစ်နော့ခ်က ခေါင်းတိုက် သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာ ခြေပဂိုးယူဖို့ တိုက်စစ်တင်ကစားလာတဲ့ ယူနိုက်တက်က အဖွင့်မိနစ်မှာတင် ရက်ဖိုဒ့်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် ဂနာချိုက ပိတ်သွင်းခဲ့ပါတယ်။ ပထမပိုင်းထက်စာရင် ပိုကောင်းတဲ့ ကစားဟန်ကို ယူနိုက်တက်တို့ ပြသခဲ့တယ်။

ဒါ့အပြင် ဒီ ၄၅ မိနစ်မှာတော့ ကွင်းလယ်လူ ကာဆီမီရို အထူး တောက်ပခဲ့ပြီး ဂနာချိုနည်းတူ အကောင်းဆုံး ခြေစွမ်းတွေဖြင့် ပွဲတန်ပိုကို တင်ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အနိုင်ဂိုးဟာ ဖာနန်ဒက်စ်ရဲ့ ပါးနပ်တဲ့ နောက်ပေါက်ချပေးမှုကနေ ဟွိုင်လန်း အဆုံးသတ်မှု ကောင်းကောင်းဖြင့် သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်တို့ အဆင့် ၁၀ နေရာထိ ပြန်တက်လာခဲ့ပြီ ဖြစ်ပါတယ်။