မန်ချက်စတာ ယူနိုက်တက်ရဲ့ စည်းလုံးမှုကို မြင်ကြပြီလားလို့ ဘရန့်ဖို့ဒ် ပွဲအပြီး တန်ဟက် လေတိုက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ဘရန့်ဖို့ဒ်အား အနိုင်ရရှိပြီးနောက် ယူနိုက်တက်အသင်းမှာ စည်းလုံးနေကြောင်း ပြသနိုင်ခဲ့ပြီလို့ ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ နောက်ကလိုက် ကစားခဲ့ရပေမဲ့လည်း ဂါနာချို၊ ဟွိုင်းလန်းတို့ရဲ့ ဂိုးများဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
နိုင်ပွဲအပြီးမှာ နယ်သာလန်သား နည်းပြက “အားလုံးအတွက် ပျော်စရာ နေ့လည်ခင်းလေးပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အတူတကွ ရှိနေကြောင်း ပြသနိုင်ခဲ့တယ်။ ဆုံးဖြတ်ချက်ကို ပြသနိုင်ခဲ့တယ်။ လှပတဲ့ ဂိုး ၂ ဂိုးသွင်းနိုင်ခဲ့တယ်”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ ၅ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် နိုင်ပွဲ ပြန်တွေ့ရှိလာမှုနှင့်အတူ ဖိအားအနည်းငယ်လျှော့ကျလာခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နိုင်ပွဲက အသင်းအတွက် အလှည့်အပြောင်း ဖြစ်လာစေနိုင်သလားလို့ မေးမြန်းလာမှုအား အဲရစ်တန်ဟက်က “မဟုတ်ပါဘူး။ ဒါက နိုင်ပွဲတစ်ပွဲမျှသာ ဖြစ်ပါတယ်။ ဖိအားက အမြဲတမ်းရှိပါတယ်။ ပွဲတိုင်း အနိုင်ရရပါမယ်”လို့ ပြောကြားသွားပါတယ်။
အဲရစ်တန်ဟက်ဟာ ဘရန့်ဖို့ဒ်အား အနိုင်ရတဲ့ပွဲအပြီးတွင် ပထမပိုင်းနာကျင်အချိန်ပိုတွင် မားသီးယပ်စ်ဒီလက် ခေါင်း ဒဏ်ရာအား ကုသမှု ခံယူစဉ် ဦးဆောင်ဂိုးပေးလိုက်ရမှုအတွက် ဒိုင်လူကြီးဆမ်ဘာရော့အား ဒေါသထွက်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ ၁၀ ယောက်တည်းဖြစ်နေချိန်တွင် ထောင့်ကန်ဘောမှ တဆင့် ဘရန့်ဖို့ဒ်အား ဦးဆောင်ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။