မန်ယူတိုက်စစ်မှုး ဟွိုင်လန်း ဘာလိုအပ်နေသလဲ အားမရစွာ ထောက်ပြသွားတဲ့ ဘာဘာတော့ဗ်

မန်ယူတိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ကြာသပတေးနေ့ ဖီနာဘာချီနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ရာ့စ်မွတ် ဟွိုင်လန်းကို ဒေါသထွက်နေဖို့ တောင်းဆိုခဲ့ပါတယ်။

ဟွိုင်လန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ပေါင် ၇၂ သန်းနဲ့ အတ္တလန္တာကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်အတွက် ၄၉ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁၈ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းလာပြီးကတည်းက ဒဏ်ရာပြဿနာအများအပြား ခံစားခဲ့ရပြီး ပရိသတ်တွေက ဟွိုင်လန်းကိုခြေစွမ်းပြပြီး နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်ရှိလာတာ မြင်တွေ့ချင်နေတာဖြစ်ပါတယ်။

ဟွိုင်လန်းအနေနဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ယောက်ဖြစ်လာဖို့အတွက် ခံယူချက်ပိုင်းကို ချိန်ညှိဖို့နဲ့ ပိုပြီးတော့ ကြမ်းတမ်းခက်ထန်ဖို့ လိုအပ်တယ်လို့ သရဲနီကြယ်ပွင့်ဟောင်း ဘာဘာတော့ဗ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူ ပိုပြီးတော့ တောင်းဆိုမှုတွေ၊ ငြင်းခုံမှုတွေ လုပ်ဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်။ အရမ်းသဘောကောင်းနေလို့မရဘူး။ သူ့နားမှာ ရှိနေတဲ့ ကစားသမားအချို့ကို တွန်းထုတ်ပစ်နေရုံနဲ့ မရပါဘူး။

ငါ့ကို ဘောလုံးပေးဆိုပြီး ဘောလုံးကို တောင်းရမယ်။ ဘောလုံး ရောက်မလာတဲ့အခါမှာ ရအောင် တောင်းရမယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးမတောင်းဘဲ ခံစစ်ကစားသမားတွေ နောက်ကိုပဲ ပြေးဝင်တာမျိုး လုပ်နေပြီး ဘယ်သူမှ သူ့ကို မမြင်ကြတာ ကျွန်တော် မြင်နေလို့ပါ။

ဒါက ခင်ဗျားကို ဒေါသထွက်အောင် လုပ်နေတာပါ။ ခင်ဗျားအနေနဲ့ ဒီလိုဖြစ်ရင် ဒေါသထွက်ကို ထွက်ရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။