ဆရာကြီး နည်းပြတွေတောင် မလုပ်ဖူးတဲ့ အကွက်ဆန်းတွေ ခင်းသွားတဲ့ တန်ဟက်၊ ဖီနာဘာချီကို သရေကျ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ရဲ့ နည်းဗျူဟာကတော့ တကယ့်ကို Next Level ရောက်နေပြီ လို့တောင် ပြောရမလိုပါ။

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်ချိန်မှာ Full Back ဖြစ်တဲ့ မက်ဇ်ယောင်အီကို ဇာ့ခ်ဇီနဲ့တွဲဖက်ပြီး No 10 Role အဖြစ် တိုက်စစ်မှာ အသုံးပြုခဲ့တာက ထူးခြားဆန်းပြားလွန်းပါတယ်။

ဒါက ဂွါဒီယိုလာ၊ အန်ဆယ်လော့တီ၊ ယာဂန်ကလော့ပ်တို့ထက် ပိုသာသွားသလို ထူးထူးဆန်းဆန်းတွေလုပ်လေ့ရှိတဲ့ မော်ရင်ဟိုတောင် အဲရစ်တန်ဟက်လို မလုပ်နိုင်သေးပါဘူး။

ဘောလုံးလောကမှာ တစ်ခါမှ မရှိသေးတဲ့ ရှေ့တန်းခံစစ် Role မှာ မက်ဇ်ယောင်အီက ပထမဆုံးကစားဖူးတဲ့သူအဖြစ် စံချိန်တွင်သွားပြီး ပထမပိုင်းတစ်ပိုင်းလုံး မက်ဇ်ယောင်အီက လူပိုတစ်ယောက်လို ကစားခဲ့ပါတယ်။

ယူနိုက်တက်တို့ ကံကောင်းတာက ပထမပိုင်း ၁၅ မိနစ်မှာ Quick Counter ကနေ ဘောလုံးရပြီး ဇာ့ခ်ဇီ ခင်းပေးတာကနေ အဲရစ်ဆင်က အပိုင်ပိတ်သွင်းခဲ့လို့ အဖွင့်ဂိုးရခဲ့ပါတယ်။

အဲရစ်ဆင်ဟာ မီးစာကုန်ခါနီးမှ ခြေစွမ်းပြနေပြီး ဒီရာသီ ယူရိုပါလိဂ်မှာ ယူနိုက်တက်ရရှိခဲ့တဲ့ ၅ ဂိုးထဲက ၄ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့သလို ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ အိမ်ကွင်းမှာ ယူနိုက်တက်ကို အသာစီကနေ ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး အန်နက်စရီရဲ့ သေချာပေါက်ဂိုးဝင်ရမဲ့ ခေါင်းတိုက်ချက် ၂ ကြိမ်ကို အိုနာနာ အံ့အားသင့်စရာကောင်းအောင် ကာကွယ်နိုင်ခဲ့ပါတယ်။

ဂိုးသမား အိုနာနာကတော့ ဒီဂီယာရဲ့ဝဋ်တွေလည်နေပြီလို့ပဲပြောရမှာပါ။ ယူနိုက်တက်ခံစစ်က အသုံးမကျသမျှကို အိုနာနာတစ်ယောက် ခါးစည်းခံနေရပြီး သူ့ရဲ့စွမ်းစွမ်းတမံကာကွယ်မှုတွေသာမရှိရင် ဒီရာသီ ယူနိုက်တက်အသင်းအခြေအနေက အခုထက်ပိုဆိုးရွားသွားမဲ့အနေအထားပါပဲ။

ဒါပေမဲ့လည်း ၄၉ မိနစ်မှာတော့ အန်နက်စရီရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို အိုနာနာ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

အန်နက်စရီနားမှာ လင်ဒီလော့ဖ်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ ဝိုင်းထားပေမဲ့ ဘယ်သူမှ Cover မလုပ်ထားသလို လင်ဒီလော့ဖ်ရဲ့ ညံ့ဖျင်းမှုကြောင့် ဂိုးပေးလိုက်ရတာလို့လည်းပြောရမှာပါ။

မိနစ် ၅၀ ကျော်မှာ အဲရစ်တန်ဟက်က မက်ဇ်ယောင်အီကို Left Full Back နေရာပို့ပြီး အဲရစ်ဆင်ကို No 10 Role ပြန်ထားတော့မှ ယူနိုက်တက်ကစားပုံ ပိုကောင်းလာပါတယ်။

ယူနိုက်တက်တို့ ဂိုးရဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမဲ့ ဂါနာချို၊ ဟွိုင်လန်းတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှု ဖီနာဘာချီဂိုးသမား လီဗာကိုဗစ်ချ်ရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးမရဘဲ ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ဖီနာဘာချီနည်းပြကြီး မော်ရင်ဟိုကတော့ သူတို့အသင်း ပင်နယ်တီမရလို့ စောဒကတက်ခဲ့တဲ့အတွက် ထုံးစံအတိုင်း အနီကတ် ထိခဲ့ပြန်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ၃ ပွဲဆက်တိုက် သရေကျခဲ့တာကြောင့် အဆင့် ၂၁ နေရာမှာ ရပ်တည်နေပြီး ၂၀၂၃ အောက်တိုဘာ ၂၄ ရက်နေတုန်းက ကိုပင်ဟေဂင်ကို ၁-၀ ဂိုးနဲ့အနိုင်ရပြီးနောက်ပိုင်း ဥရောပပွဲတွေမှာ နိုင်ပွဲပျောက်နေတာ ၁ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။