ယူနိုက်တက်က ရှေ့မရောက်ဘဲ နောက်ပြန်ဆွဲလာတာ ဘယ်သူ့ကြောင့်လဲ ဖော်ထုတ်လိုက်တဲ့ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က အသင်းဟာ ရှေ့ရောက်ရမယ့် အစား ကလပ်ရဲ့ ဒဏ်ရာပြဿနာများက အသင်းကို နောက်ပြန်ဆွဲလာစေကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာပြဿနာ ၄၅ ကြိမ်အထိ ကြုံရကာ ပရီးမီးယားလိဂ်တွင် ဒဏ်ရာပြဿနာအများဆုံးကြုံရတဲ့အသင်းအဖြစ် ရပ်တည်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြာသပတေးနေ့တုန်းက ဖီနာဘာချီနှင့် ၁ ဂိုးစီသရေကျတဲ့ ယူရိုပါလိဂ်ပွဲတွင် ဒဏ်ရာ ပြဿနာကြုံနေရတဲ့ ၉ ဦးအပါအဝင် ပထမအသင်း ကစားသမား ၁၀ ဦးမပါဝင်ဘဲ ကစားခဲ့ရပါတယ်။
ဝါရင့်ဗဟိုနောက်ခံလူဂျွန်နီအီဗန့်မှာ တနင်္ဂနွေနေ့ ဝက်စ်ဟမ်းအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမဲ့ ပွဲမှာ ပါဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ တူရကီတွင် အနီးတွင် ဘယ်သူမျှ မရှိဘဲ လဲကျပြီးနောက် လူနာတင်ထမ်းစင်ဖြင့် ထွက်ခဲ့ရတဲ့ အန်တိုနီမှာ လွဲချော်ဖို့ သေချာနေပါတယ်။
နောက်ခံလူများဖြစ်ကြတဲ့ တိုင်ရဲလ်မာလာစီယာ၊ လီနီယိုရို၊ လုခ်ရှောတို့မှာလည်း ယခုရာသီတွင် တစ်ပွဲမျှ ကစားနိုင်ခြင်း မရှိသေးပါဘူး။ ယခုရာသီတွင် ၅ ပွဲကစားထားနိုင်တဲ့ မေဆင်မောင့်မှာ ဒဏ်ရာမှ ပြန်ကောင်းလာပြီးမှ ထပ်မံ ဒဏ်ရာရရှိကာ အနားယူနေရပါတယ်။
အဲရစ်တန်ဟက်က “ဟုတ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အဆင့်ကိုသာမက လိဂ်အဆင့်ကိုပါ နောက်ပြန်ဆွဲထားပါတယ်။ ကစားသမားတွေ မကစားနိုင်တဲ့အခါ အကောင်းဆုံး အသင်းနဲ့ ခင်းကျင်းနိုင်ခြင်း မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက အာဆင်နယ်မှ ဒေါက်တာဂယ်ရီအိုဒရက်စ်ကိုးလ်ကို ငှားရမ်းပြီး ဆေးဌာနအကြီးအကဲဖြင့် ခန့်အပ်ကာ ဒဏ်ရာပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်လာခြင်း မရှိပါဘူး။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၂ နေရာတွင် ရပ်တည်နေပြီး ယူရိုပါလိဂ်တွင်လည်း ၃ ပွဲဆက် သရေကျထားပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲတုန်းက ဘရန့်ဖို့ဒ်ကို အနိုင်ရထားပေမဲ့လည်း နောက်ဆုံး ၇ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရယူထားနိုင်ပါတယ်။