ဝက်စ်ဟမ်းနဲ့ပွဲ အရေးနိမ့်ခဲ့တာ ဒိုင်ကြောင့် ဆိုတာထက် မူလ အကြောင်းရင်း ရှိနေသေးတဲ့ ယူနိုက်တက်

မနေ့ညက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဒိုင်လူကြီးရဲ့ ပယ်နယ်တီဆုံးဖြတ်ချက်က အငြင်းပွားစရာကောင်းပေမဲ့ ယူနိုက်တက်တို့ ပထမပိုင်းမှာ သေချာပေါက်ဂိုးရမဲ့အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်ခဲ့တာကိုပဲ အရင်ဆုံး အပြစ်တင်ရမှာဖြစ်ပါတယ်။

ပထမပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ဂါနာချိုရဲ့ကန်ချက် ဂိုးဘားတန်ထိခဲ့သလို နောက်တစ်ကြိမ် ကန်သွင်းမှုကလည်းလွဲချော်ခဲ့ပါတယ်။

အဆိုးရွားဆုံး လွဲချော်မှုက ဂိုးသမားမရှိတော့တဲ့အနေအထားမှာ ဂိုးပေါက်အရှင်းကြီးကို ဂိုးပေါ်ထောင်ကန်ခဲ့တဲ့ ဒါလော့တ်ရဲ့အခွင့်အရေးပါပဲ။

အခုပွဲမှာ ပွဲပြန်ထွက်ခွင့်ရခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် ဝါရင့် ဂိုးသမားကြီးဖေဘီယန်စကီးကလည်း အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး ဟွိုင်လန်းရဲ့အနီးကပ်ကန်ချက်၊ ကတ်စ်မဲရိုးရဲ့ အပိုင်ခေါင်းတိုက်ချက်အပါအဝင် အခွင့်အရေးတော်တော်များများကို ကာကွယ်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဝက်စ်ဟမ်းအသင်းကစားပုံ စုတ်ပြတ်နေတာကြောင့် ယူနိုက်တက်တို့ အသာစီးရခဲ့ပေမဲ့ ကိုယ့်ဘက်က သာနေချိန်မှာ ဂိုးသွင်းခွင့်တွေ အသုံးမချနိုင်တာက စိတ်ပျက်စရာပါပဲ။

ဒုတိယပိုင်းမှာ ဆမ်းမားဗေးလ်၊ ဆိုချက်၊ တိုဒီဘိုတို့ ဝင်လာချိန်မှာတော့ ဝက်စ်ဟမ်းကစားပုံကောင်းလာပြီး ယူနိုက်တက်ဘက်ကို တိုက်စစ်ပြန်ဆင်နိုင်ခဲ့ပါတယ်။

၇၄ မိနစ်မှာ ဒန်နီအင့်စ်ရဲ့အနီးကပ်ပိတ်သွင်းချက် ထိချက်မမှန်ဘဲ ထွက်လာတာကနေ ဆမ်းမားဗေးလ်က အလိုက်သင့် ပြေးဝင်ကန်သွင်းခဲ့လို့ ဝက်စ်ဟမ်း အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးမှာ ဒါလော့တ်ရဲ့ ကြိုးစားအားထုတ်မှု မရှိတာက ဝေဖန်ချင်စရာပါပဲ။
ချေပဂိုးရဖို့အတွက် အဲရစ်တန်ဟက်က အဲရစ်ဆင်ကို ထုတ်ပြီးတော့ ဇာ့ဇ်ဇီကို လူစားဝင်ကစားစေပြီး တိုက်စစ်မှာ ဟွိုင်လန်း+ဇာ့ခ်ဇီတို့အတွဲကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့ အပြောင်းအလဲက မှန်ကန်တယ်လို့ ပြောရမှာဖြစ်ပြီး ဇာ့ခ်ဇီ ဝင်လာချိန်မှာ ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်ကစားမှု ပိုကောင်းလာသလို ၈၁ မိနစ်မှာ ဇာ့ခ်ဇီ ခေါင်းတိုက်ချပေးတာကနေ ကတ်စ်မဲရိုးက နောက်တစ်ကြိမ် ခေါင်းထပ်တိုက်ပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဒန်နီအင့်စ်ကို ဒီလစ် ပယ်နယ်တီဧရိအတွင်း ပြစ်ဒဏ်လုပ်ခဲ့တယ်လို့ VAR နဲ့ ကွင်းလယ်ဒိုင် ဒေးဗစ်ကုခ်တို့က ယူဆခဲ့တဲ့အတွက် ဝက်စ်ဟမ်းအသင်းကို ပယ်နယ်တီကန်ခွင့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ ရုပ်သံအနှေးပြကွက်အရ ဒီလစ်ကို ဒန်နီအင့်စ်က ဝင်တိုက်တာဖြစ်ပြီး ဒီဖြစ်ရပ်ကို မော်နီတာမှာ ၃၊ ၄ ခါလောက်ကြည့်ပြီးမှ ပယ်နယ်တီပေးခဲ့တဲ့တဲ့ ဒေးဗစ်ကုခ်ရဲ့ဆုံးဖြတ်ချက်ကတော့ တကယ့်ကို အငြင်းပွားစရာပါပဲ။

ဒီပယ်နယ်တီကို ဘိုဝင်က အမှားအယွင်းမရှိကန်သွင်းပြီး ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ယူနိုက်တက်ကို ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီး ၁၁ မှတ်သာရရှိခဲ့တဲ့အတွက် ၂၀၁၉-၂၀(၁၀ မှတ်)ရာသီနောက်ပိုင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။