အမ်မိုရင်းကို မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဖြစ် ခန့်အပ်ရေးမှာ တစ်နေတဲ့ အချက်များ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တန်ဟက် နေရာ အစားထိုးဖို့ နည်းပြသစ် အဖြစ် ပေါ်တူဂီကလပ် စပို့တင်းအသင်း နည်းပြ အမ်မိုရင်းအား ခန့်အပ်ဖို့ ချိတ်ဆက်စကားပြောနေပြီ ဖြစ်ပါတယ်။

ပေါ်တူဂီမှာ စပို့တင်းကို အောင်မြင်မှုတွေ ရနေစေတဲ့ အမ်မိုရင်းဟာ ဥရောပရဲ့ အလားအလာရှိ လူငယ်နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့်ပဲ စပို့တင်း အသင်းက နည်းပြ အမ်မိုရင်းရဲ့ စာချုပ်ထဲမှာ စာချုပ် ဖျက်သိမ်းကြေးနဲ့ ပတ်သက်ပြီး Option ၃ ခု ထည့်သွင်းထားကြောင်း ပေါ်တူဂီ သတင်းဌာန A Bola က ဖော်ပြလာပါတယ်။

ပထမ သဘောတူညီချက်မှာ ပေါ်တူဂီပြည်တွင်း ကလပ်တစ်သင်းသင်းဘက်က အမ်မိုရင်းကို ခေါ်ယူလိုရင် ပေါင် ၂၅ သန်း ပေးဖို့ဖြစ်ပါတယ်။ ဒီအချက်က ယူနိုက်တက်အတွက် သက်ဆိုင်ခြင်း မရှိပါဘူး။

ဒုတိယအချက်ကတော့ နိုင်ငံခြားတိုင်းပြည်က ကလပ်တစ်သင်းသင်း ဝင်ရောက်ချိတ်ဆက်မယ်ဆိုရင် ပေါင် ၁၇ သန်း ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ စပို့တင်းဘက်က ရလိုနေတဲ့ ပမာဏလည်းဖြစ်ပါတယ်။

ဒါပေမယ့် အမ်မိုရင်းရဲ့ ကိုယ်စားလှယ်တွေက တတိယ သဘောတူညီချက် ရှိသေးတာကို ယူနိုက်တက်ကို အသိပေးထားပါတယ်။ ဒီအချက်ကို ကိုင်ဆွဲပြီး ယူနိုက်တက်တို့ ကြိုးစားနေတာပါ။

ဥရောပထိပ်တန်း ကလပ်တွေလို့ ခေါ်တွင်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့လို အသင်းတွေဘက်က ကမ်းလှမ်းလာရင် ပေါင် ၈.၄ သန်းနဲ့တင် အမ်မိုရင်းကို လက်လွှတ်ပေးရပါမယ်။

စပို့တင်းနဲ့ ယူနိုက်တက်ကြား စကားပြောမှုဟာ ပေါင် ၈.၄-၁၇ သန်း ကြားမှာဖြစ်လာဖို့ရှိပြီး ခပ်မြန်မြန်တော့ ပြီးပြတ်ကြမယ့်ပုံ မရသေးဘူး ဖြစ်နေပါတယ်။