အမ်မိုရင်း မဟုတ်ဘဲ မန်ယူ နည်းပြသစ် ခန့်အပ်သစ်သူတွေကို ထောက်ပြ အကြံပြုလိုက်တဲ့ ပေါလ် စခိုး

သရဲနီဟောင်းကြီး ပေါလ် စခိုးက မန်ချက်စတာယူနိုက်တက်က စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းနေတာကို မေးခွန်းထုတ်ခဲ့ပြီး ဇီဒန်းနဲ့ ဇာဗီတို့ကို နည်းပြအဖြစ် ပိုပြီး သဘောကျတယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြအဲရစ် တန်ဟက်နဲ့ တနင်္လာနေ့မှာ လမ်းခွဲခဲ့တာဖြစ်ပြီး နစ္စတယ်ရွိုင်းက နည်းပြသစ် မခန့်အပ်မီ အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြသစ်အစားထိုးခန့်အပ်ဖို့အတွက် ရှာဖွေမှုတွေက အပူတပြင်းလုပ်ဆောင်နေပြီဖြစ်ပြီး အမော်ရင်က ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် နည်းပြဟာ သရဲနီတွေရဲ့ နည်းပြဖြစ်လာဖို့ စိတ်ဝင်စားနေပြီး စပို့တင်းလစ္စဘွန်းနဲ့အတူ လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပြီးနောက် ဥရောပမှာ အလားအလာမြင့်မားတဲ့ နည်းပြတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ပေါ်တူဂီက အောင်မြင်မှုတွေဟာ အိုးထရက်ဖို့ဒ်က နည်းပြအလုပ်ကို ဆက်ခံရလောက်အောင် မကြီးမားဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်က တူချယ်ကို ခေါ်ယူနိုင်ဖို့ လွဲချော်ခဲ့တယ်လို့ ခံစားခဲ့ရတယ်။ သူတို့တွေ သူနဲ့ စကားပြောဆိုခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော် သိပ်တော့ သေချာမသိပါဘူး။ ဇာဗီက ပိုပြီးတော့ ခေါ်ယူဖို့ စဉ်းစားသင့်တဲ့သူပါ။

မန်ယူနိုက်တက်က ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းပါ။ အဲဒီတော့ သူတို့တွေ အကောင်းဆုံးနည်းပြတွေထဲက အကောင်းဆုံးကို လိုအပ်ပါတယ်။ သူတို့တွေက ဇာဗီက အဲဒီလိုနည်းပြလို့ ထင်ရင် အဲဒါက အန္တရာယ်ရှိတဲ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သူက မန်ယူနိုက်တက်နဲ့ အလားတူတဲ့ စပိန်က ဘာစီလိုနာအသင်းလို ထိပ်တန်းအသင်းကို နည်းပြခဲ့တယ်။ သူတို့တွေ ခက်ခဲတဲ့အခြေအနေမှာ ကာလို အန်ဆလော့တီရဲ့အသင်းနဲ့ ယှဉ်ပြိုင်ပြီး လိဂ်ဖလားရခဲ့တယ်။ အဲဒီတော့ ကျွန်တော် သူ့ကို ခေါ်မယ်ဆိုရင် ဆန့်ကျင်စရာမရှိပါဘူး။

ဇီဒန်းကလည်း ရီးရဲလ်မက်ဒရစ်မှာ အရမ်းအောင်မြင်မှုရခဲ့တယ်။ သူ အင်္ဂလန်ကို လာချင်မလားတော့မသိပါဘူး။ ကျွန်တော်ကတော့ သိပ်မထင်ဘူး။ သူက နောက်ထပ် ခေါ်ယူသင့်တဲ့နည်းပြပါ။ ပြီးမှ စပို့တင်း လစ္စဘွန်းက ရူဘင် အမော်ရင်အကြောင်းကို စဉ်းစားသင့်တယ်”လို့ ပြောဆိုခဲ့ပါတယ်။