တန်ဟက် ထုတ်ပယ်ခံရပြီးနောက် ပထမဆုံး လူရှေ့ထွက် လာတဲ့ နစ္စတယ်ရွိင်း သူ့သဘောထားကို ဖော်ပြ

မန်ချက်စတာ ယူနိုက်တက်အသင်းက နည်းပြ အဲရစ် တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လက်ထောက် နည်းပြ နစ္စတယ်ရွိုင်းက သူ့ သဘောထား ဖွင့်ဟမှုတွေ ပြုလုပ်လာပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လက်စတာစီးတီးနဲ့ ကာရာဘောင်းပွဲစဉ်အတွက် ပွဲနေ့ အစီအစဉ်ကို ရေးသားရာမှာ နစ္စတယ်ရွိုင်းက အခုလို ဖော်ပြထားတာပါ။

“ကောင်းသော ညနေခင်းပါ။ အိုးထရက်ဖို့ဒ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော် ဒီစာကို ကြီးမားတဲ့ စိတ်ခံစားမှု ရောထွေးမှုတွေနဲ့အတူ ရေးသားနေတာကို အားလုံး တွေးကြည့်နိုင်မယ်လို့ ထင်ပါတယ်။

အဲရစ် တန်ဟက်က ကျွန်တော့်ကို နွေရာသီမှာ မန်ယူနိုက်တက်ကို ခေါ်ဆောင်လာခဲ့ပြီး ကျွန်တော် ဒီက နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တာ လအနည်းငယ်ပဲ ရှိပါသေးတယ်။ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တဲ့အတွက် သူ့ကို အမြဲကျေးဇူးတင်နေမှာပါ။

ကျွန်တော် သူ ထွက်သွားတာ မြင်ရတာ ဝမ်းနည်းမိပါတယ်။ ယာယီနည်းပြအဖြစ် တာဝန်ယူရတာတောင်မှ ကျွန်တော် ချစ်မြတ်နိုးတဲ့အသင်းကို ကိုင်တွယ်ခွင့်ရတာဖြစ်လို့ အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ဘယ်လောက်ကြာကြာ ကိုင်တွယ်ရမလဲမသိပေမယ့် ကျွန်တော့်မှာရှိသမျှအားလုံးပေးသွားမယ်လို့ ကတိပေးနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ ရှိတဲ့ လုပ်နိုင်စွမ်းအားနဲ့အတူ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ရဲ့ ရလဒ်တွေက မကောင်းခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်ကို ပြန်လာရပြီး အသင်းနဲ့ ဝန်ထမ်းတွေနဲ့ နေ့တိုင်း အလုပ်အတူတူလုပ်ရတာကို နှစ်သက်မိပါတယ်။

ကျွန်တော်တို့ ဒီရာသီ အချိန်အများစုမှာ အသင်းသားတွေရဲ့ အလားအလာတွေကို မြင်တွေ့ခဲ့ရပေမယ့်လည်း မကြာခဏ လုံလောက်အောင် မလုပ်ပြနိုင်ခဲ့တာရှင်းပါတယ်။ အခုတော့ အသင်းမှာရှိတဲ့သူတွေအားလုံး အတူတူ အလုပ်လုပ်ရမယ့် အချိန်ကျပါပြီ။

ရှိသမျှ အရာအားလုံးကို ပေးပြီး ကျွန်တော်တို့ အချိန်ရှိတုန်းမှာ ဒီရာသီကို အပြောင်းအလဲတွေ လုပ်ဖို့ ကြိုးစားရပါမယ်။ ဒီမှာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်နဲ့ပါ ရှိခဲ့တဲ့ အတွေ့အကြုံတွေကနေ ကျွန်တော် ကျိန်းသေပေါက်ပြောနိုင်တာက ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအားလုံးအတူတူ ပေါင်းစည်းနိုင်ရင် မန်ယူနိုက်တက်က ရပ်တန့်လို့ရမှာမဟုတ်တော့ပါဘူး။

ကျွန်တော်တို့ဘက်မှာ အချိန်ရှိနေသေးတာ တော်ပါသေးတယ်။ ပွဲစဉ်တွေက အခုဆိုရင် ပုံမှန်လာနေပြီ။ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန်အချို့ တည်ဆောက်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ည စတိဗ် ကူးပါးရဲ့ လက်စတာစီးတီးနဲ့ ကာရာဘောင်းဖလားပွဲမှာ စတင်ရပါမယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။