လီဗာပူးလ်ရဲ့ ကန်တိုင်းလွဲ တိုက်စစ်မှုးကို မန်ယူအသင်း ခေါ်ယူဖို့ တိုက်တွန်းနေတဲ့ ဒွိုက်ယော့ခ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက် ယော့ခ်က အသင်းဟောင်းကို လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ခေါ်ယူဖို့အတွက် တိုက်တွန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နူးညက်ဇ်ဟာ ၂၀၂၂ ခုနှစ်နွေရာသီမှာ အန်းဖီးကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးလ်က စုစုပေါင်းပေါင် ၈၅ သန်းအထိ မြင့်တက်သွားနိုင်တဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

နူးညက်ဇ်ဟာ လီဗာပူးလ်ကို ပြောင်းရွှေ့လာပြီးကတည်းက ပြိုင်ပွဲစုံမှာ ၃၅ ဂိုးအထိ သွင်းယူထားပေးပြီးဖြစ်ပေမယ့်လည်း အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့ပြီး ပုံမှန်ပွဲထွက်လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒွိုက် ယော့ခ်က နူးညက်ဇ်ဟာ အလွန်အားကောင်းတဲ့ကစားသမားမျိုးဖြစ်တယ်လို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်အတွက် အလွန်ထူးခြားကောင်းမွန်တဲ့ ဖြည့်စွက်မှုဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်သာ မန်ယူနိုက်တက်အတွက် ကျောနံပါတ် ၉ ခေါ်ယူခွင့်ရမယ်ဆိုရင် လီဗာပူးလ်က ဒါဝင် နူးညက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားမှာပါ။ လူတွေက ကျွန်တော် ဒီလိုပြောတာကို ရယ်ကောင်း ရယ်နေလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်။

သူက နည်းနည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာပါ။ လူတွေက သူ့ကို ဝေဖန်နေကြတယ်။ ဒါပေမယ့် သူ့ကိယ်ထဲမှာ အပြင်ကို ထွက်လာဖို့ စောင့်ဆိုင်းနေတဲ့ သတ္တဝါဆိုးကြီးတစ်ကောင်ရှိနေတယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။မန်ယူနိုက်တက်က တိုက်စစ်ဗဟိုချက်အဖြစ် ကစားပေးနိုင်တဲ့ ကစားသမားမျိုးလိုတယ်။

သူတို့တွေ ဒါဝင် နူးညက်ဇ်လိုမျိုး ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေရှိတဲ့ ကစားသမားမျိုး လိုတယ်။သူက ကျွန်တော် ခေါ်ယူဖို့ ကြိုးပမ်းမယ့်သူမျိုးပါ။ ကျွန်တော်သာ အခုအချိန် ကျောနံပါတ် ၉ ခေါ်ရမယ်ဆိုရင် သူ့ကိုပဲ ခေါ်မှာပါ။ အိုလီ ဝပ်ကင်စ်က အရမ်းကောင်းတဲ့တိုက်စစ်မှူးပါ။

ဒါပေမယ့် ယူနိုက်တက်က တိုက်စစ်မှာ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှု ပိုရှိတဲ့ သူမျိုးလိုအပ်တယ်လို့ ထင်တယ်။ သူ့ကို အပတ်တိုင်းသာ ခင်ဗျား ကစားခိုင်းမယ်ဆိုရင် ဒါဝင် နူးညက်ဇ်က ပရီးမီးယားလိဂ်ကို စပြီးတော့ တစ်စစီ စုတ်ဖြဲပစ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်”လို့ ပြောကြားခဲ့ပါတယ်။