ယခင်နည်းပြ တန်ဟက်ထက် ပိုနည်းတဲ့ လုပ်ခလစာသာ ရရှိမယ့် ယူနိုက်တက် နည်းပြသစ် အမ်မိုရင်း

နည်းပြ ရူဘင် အမ်မိုရင်း ဟာ အသင်းသစ် မန်ချက်စတာ ယူနိုက်တက်မှာ စပို့တင်းလစ္စဘွန်းမှာတုန်းကထက် လုပ်ခများစွာ တိုးမြှင့် ရရှိလာမယ် လို့ သိရပါတယ်။

ဒါပေမဲ့ ပေါ်တူဂီလူမျိုးနည်းပြဟာ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ယခင်နည်းပြ အဲရစ်တန်ဟက်လောက်တော့ ရရှိလာမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ အမ်မိုရင်း ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈.၃ သန်းပေးပြီး နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အမ်မိုရင်း ဟာ ယူနိုက်တက်ကို ချက်ချင်း ကိုင်တွယ်လာဦးမှာ မဟုတ်သေးဘဲ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များအပြီးတွင်မှ ကိုင်တွယ်လာပါမယ်။ အသက် ၃၉ နှစ်ရှိ အမ်မိုရမ်ဟာ ယူနိုက်တက်နှင့် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုလာပါမယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ အမ်မိုရင်း ဟာ ယူနိုက်တက်မှာ တစ်နှစ်လုပ်ခ ပေါင် ၆.၅ သန်း ရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။

ယခင် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က တစ်နှစ်လုပ်ခ ပေါင် ၆.၇၅ သန်း ရရှိခဲ့တာကြောင့် အမ်မိုရမ်ဟာ လုပ်ခအနည်းငယ်လျှော့ ရရှိလာပါမယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို နှစ်နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး တနင်္လာနေ့တုန်းက ထုတ်ပယ်ခြင်းခံရပြီးနောက် နစ်နာကြေး ပေါင် ၁၅ သန်းဝန်းကျင်အထိ ရရှိလာဖို့ ရှိပါသေးတယ်။

တကယ်တော့ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်မှာ တစ်နှစ်လုပ်ခ ပေါင် ၉ သန်း ရရှိလာခဲ့တာ ဖြစ်ပြီး ယခုရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့် မရရှိမှုနှင့်အတူ လုပ်ခ ၂၅ ရာခိုင်နှုန်းလျှော့ယူခဲ့ရကာ ပေါင် ၆.၇၅ သန်းသို့ လျှော့ယူခဲ့ရတာ ဖြစ်ပါတယ်။

အမ်မိုရင်း ဟာ ယခင်နည်းပြအဲရစ်တန်ဟက်ထက် လုပ်ခနည်းပါးစွာ ရရှိလာမှာ ဖြစ်ပေမဲ့ လီဗာပူးနည်းပြအန်းဆလော့ထက် လုပ်ခပိုမို ရရှိလာပါမယ်။ လီ

ဗာပူးကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်တဲ့ အန်းဆလော့ဟာ လီဗာပူးမှ တစ်နှစ်လုပ်ခ ပေါင် ၆.၂ သန်းပဲ ရရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံးနည်းပြအဖြစ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀ ဖြင့် ရပ်တည်နေပါတယ်။

ဒုတိယလုပ်ခအများဆုံးရရှိတဲ့ နည်းပြအဖြစ် မီခေးလ်အာတီတာက အပိုဆုကြေးအပါအဝင် တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းဖြင့် ရပ်တည်နေပါတယ်။