မန်ယူ ယာယီနည်းပြ အဖြစ် ပွဲ စ မကိုင်ခင် ဆာအဲလက်စ် နဲ့ ဆွေးနွေး အကြံယူခဲ့တဲ့ နစ္စတယ်ရွိုင်း

သရဲနီ ဂန္တဝင်ကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းက ယူနိုက်တက် ယာယီနည်းပြအဖြစ် ပထမဆုံးပွဲ မကိုင်တွယ်မီ ဆာအဲလက်စ်ဖာဂူဆန်နှင့် စကားပြောခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ တနင်္လာနေ့တုန်းက အဲရစ်တန်ဟက် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယာယီနည်းပြဖြစ်လာခဲ့ပြီး ခါရာဘောင်ဖလားတွင် လက်စတာအား ၅-၂ ဖြင့် အနိုင်ရကာ ပွဲဦးထွက် တာထွက်ကောင်းခဲ့ပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ်အဖြစ် ခန့်အပ်ရန် စပို့တင်းလစ္စဘွန်းနည်းပြရူဘင်အမ်မိုရမ်နှင့် သဘာတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အမ်မိုရမ်ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်လို့သာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်လာဖို့ ရှိနေပါတယ်။

နစ္စတယ်ရွိုင်းဟာ တနင်္ဂနွေနေ့ည အိုးထရက်ဖို့ဒ်ကွင်းတွင် ချဲလ်ဆီးအား ဧည့်ခံကစားရမဲ့ပွဲစဉ်ကိုလည်း ယူနိုက်တက်အား ကြီးကြပ်လာပါဦးမယ်။

နစ္စတယ်ရွိုင်းဟာ ၂၀၀၆ ခုနှစ်တုန်းက ဆာအဲလက်စ်ဖာဂူဆန်နှင့် ပြဿနာတက်ကာ အိုးထရက်ဖို့ဒ်မှ ထွက်ခွာခဲ့ရပေမဲ့လည်း ပထမဆုံးကိုင်တွယ်တဲ့ ယူနိုက်တက်ပွဲစဉ်မတိုင်မီ ဆရာဟောင်းထံမှ အကြံဉာဏ်ကောင်းများ ရယူခဲ့ပါတယ်။

နစ္စတယ်ရွိုင်းက “ဟုတ်တယ်။ သူနဲ့ စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို ကံကောင်းပါစေကြောင်း ဆုတောင်းပေးတယ်။ ကျွန်တော့်အခြေအနေ၊ အသင်းအခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်။ သူက ကျွန်တော့်ကို ကံကောင်းပါစေကြောင်း ဆုတောင်းပေးပါတယ်။ သူနဲ့စကားပြောရတာကောင်းတယ်”လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အသက် ၄၈ နှစ်ရှိ နစ္စတယ်ရွိုင်းက ၂၀၀၆ ခုနှစ်တုန်းက ယူနိုက်တက်မှ ထွက်ခွာစဉ်တုန်းက အိုးထရက်ဖို့ဒ်သို့ နည်းပြအဖြစ် ပြန်ရောက်လာမယ်လို့ မတွေးထားခဲ့ကြောင်းလည်း ဝန်ခံသွားပါတယ်။