မန်ယူ နည်းပြသစ် အမိုရင်လက်ထက်မှာ ပိုမို တောက်ပလာဦးမယ့် သရဲနီကြယ်ပွင့် ကစားသမား
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းကြီး ယပ် စတန်းက နောက်ခံလူ ဒီလစ် ဟာ နည်းပြသစ် ရူဘင် အမိုရင်လက်အောက်မှာ အလွန်တောက်ပတဲ့ အနာဂတ်ရှိလာလိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း နည်းပြသစ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အဲရစ် တန်ဟက်နဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းနည်းပြကို လျင်လျင်မြန်မြန်ပဲ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် နည်းပြဟာ အိုးထရက်ဖို့ဒ်ကို နိုဝင်ဘာလလယ်မှာ ပြောင်းရွှေ့လာတဲ့အချိန်ကျရင် ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
အမိုရင်ဟာ ဥရောပဘောလုံးလောကမှာ အကောင်းဆုံး လူငယ်နည်းပြတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး ပေါ်တူမှာ ဂီထိပ်သီးအသင်းကြီးဖြစ်တဲ့ စပို့တင်း လစ္စဘွန်းမှာ သူ့ရဲ့ ကိုယ်ပိုင် ဘောလုံးကစားဟန်တစ်ခုကို သွတ်သွင်းပြီး လိဂ်ဖလား ၂ ကြိမ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမိုရင် ရောက်လာတော့မှာက လက်ရှိ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမားအချို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ မြင့်တက်လာနေပြီး အဲဒီထဲမှာ ဒီလစ် လည်း အပါအဝင်ဖြစ်ပါတယ်။
တန်ဟက်က ပြီးခဲ့တဲ့နွေရာသီမှာ သူ့စိတ်ကြိုက်ကစားသမားအများအပြားကို ခေါ်ယူခဲ့တာဖြစ်ပြီး ဒတ်ချ်နောက်ခံလူကလည်း အဲဒီကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ဒတ်ချ်ဂန္တဝင်နောက်ခံလူ စတန်းက ဘိုင်ယန်နောက်ခံလူဟောင်းအနေနဲ့ အမိုရင်လက်အောက်မှာ အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ ဒီလစ် က အမိုရင် ရောက်လာတဲ့အခါကျရင် ပိုလို့တောင် အနာဂတ်က တောက်ပလာမယ်လို့ ကျွန်တော် ထင်တယ်။ အထူးသဖြင့် သူ ပေါ်တူဂီမှာ သုံးနေတဲ့ ဗဟိုခံစစ် ၃ ဦးကစားကွက်အတိုင်း ဆက်သုံးမယ်လို့ ဆုံးဖြတ်ခဲ့ရင်ပေါ့။
သူက အဲဒီထဲက တစ်ယောက်ဖြစ်လာမှာ သေချာတယ်။ သူကဗဟိုခံစစ်ညာအစွန်မှာရော အလယ်မှာပါ ကစားနိုင်တယ်။ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ကျွန်တော် သူ့အတွက် မစိုးရိမ်ပါဘူး။
သူက အရည်အချင်းရှိတယ်။ တိုးတက်အောင် လုပ်နိုင်စွမ်းလည်းရှိတယ်။ သူက သူ့ကစားဟန်မှာ ပိုပြီး တည်ငြိမ်မှုရဖို့လိုတယ်။ ပိုပြီး ယုံကြည်မှုရှိဖို့လိုတယ်။
ဒါကတော့ ခင်ဗျား ပွဲများများကစားရရင် အဆင်ပြေလာမှာပါ။ လိဂ်အသစ်မှာ ကစားပြီးရင်း ကစားရင်းနဲ့ သူ့ဟာနဲ့သူ ဖြစ်လာပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။