တန်ဟက်တုန်းက အမှားတွေကို သင်ခန်းစာ ယူပြီး နည်းပြသစ် အမ်မိုရမ်လက်ထက်မှာ ပြောင်းလဲမယ့် ကိစ္စ ၂ ခု

မန်ချက်စတာ ယူနိုက်တက်ဟာ ယခင်နည်းပြအဲရစ်တန်ဟက်တုန်းက ပြုလုပ်ခဲ့တဲ့ အမှားကြောင့် နည်းပြသစ်ရူဘင်အမ်မိုရမ်လက်ထက်မှာတော့ ကြီးမားတဲ့ မူဝါဒအပြောင်းအလဲ ၂ ခု ပြုလုပ်လာပါတယ်။

ယူနိုက်တက်ဟာ တနင်္လာနေ့တုန်းက ထုတ်ပယ်ခဲ့တဲ့ အဲရစ်တန်ဟက်နေရာမှာ စပို့တင်းလစ္စဘွန်းနည်းပြ ရူဘင် အမ်မိုရမ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အမ်မိုရမ်ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ယူနိုက်တက်နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပြီး နိုင်ငံတကာပွဲစဉ်များအပြီး အစ္စဝှစ်ချ်နှင့် ရင်ဆိုင်ရမဲ့ပွဲတွင် ယူနိုက်တက်ပထမဆုံးပွဲအဖြစ် ကြီးကြပ်လာပါမယ်။

သူဟာ ယူနိုက်တက်နှင့် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုထားပြီး စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ အမ်မိုရမ်အား ခန့်အပ်နိုင်ရန်အတွက် နစ်နာကြေး ပေါင် ၉.၃ သန်းပေးခဲ့ကာ စာချုပ်ပါကြေးထက် ပေါင် ၈ သိန်းကျော်ပိုပေးခဲ့ကြောင်း သိရပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ အဲရစ်တန်ဟက်တုန်းက ကြုံခဲ့တဲ့အမှားများကြောင့် အမ်မိုရမ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှု အချို့ ပြုလုပ်ထားပါတယ်။

ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကဲ့သို့ အမ်မိုရမ်ကို မန်နေဂျာအဖြစ် ခန့်အပ်လာတာ မဟုတ်ဘဲ စီနီယာအသင်းနည်းပြအဖြစ်ပဲ ခန့်အပ်လာတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပထမဆုံးအကြိမ်အဖြစ် နည်းပြချုပ်အဖြစ်သာ အမ်မိုရမ်အား ခန့်အပ်လာတာ ဖြစ်ပါတယ်။

အမ်မိုရမ်နှင့် အဲရစ်တန်ဟက်တို့အကြား ကွဲပြားမှုက ယင်းအချက်တစ်ခုတည်းသာ မဟုတ်ပါဘူး။ အမ်မိုရမ်ဟာ အဲရစ်တန်ဟန်လက်ထက်တုန်းကကဲ့သို့ ကစားသမားအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့် ရလာမှာ မဟုတ်ပါဘူး။

အဲရစ်တန်ဟက်တုန်းက အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဗီတိုအာဏာ ရရှိခဲ့ကာ သူ ခေါ်ယူလိုတဲ့သူများကိုသာ ခေါ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ အမ်မိုရမ်ကတော့ စိတ်ကြိုက်ကစားသမား ခေါ်ယူခွင့် ရရှိလာမှာ မဟုတ်ဘဲ အားကစားဒါရိုက်တာ၊ ဘောလုံးဒါရိုက်တာတို့က ဆုံးဖြတ်လာတဲ့ ကစားသမားများကိုသာ ခေါ်ယူခွင့် ရရှိလာပါမယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ၂ နှစ်ကျော် ကာလအတွင်းတွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၆၀၀ ကျော်အသုံးပြုခဲ့ပေမဲ့ ပရီးမီးယားလိဂ်အဆင့် ၁၄ နေရာမှာ ရပ်တည်ကာ ရုန်းကန်နေရပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာ အမ်မိုရမ်ကို ခေါ်ယူပေးမဲ့ ကစားသမားစာရင်းပေးမှာ ဖြစ်ပြီး နည်းပြဘက်က ယင်းစာရင်းမှ စိတ်ကြိုက်ကစားသမားကို ရွေးချယ်ဆုံးဖြတ်ရပါမယ်။