ပရီးမီးယားလိဂ်မှာ ကိုယ့် -တွင်း ကိုယ် မတူးချင်ရင် ကစားကွက်ပြောင်းဖို့ အမ်မိုရမ် အား သတိပေးလိုက်သူ
နည်းပြ ရူဘင်အမ်မိုရမ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ချိန်တွင် သူ့စိတ်ကြိုက် ကစားကွက်ကို စွန့်လွှတ်ရမည် ဖြစ်ကြောင်း လီဗာပူးကစားသမားဟောင်း ဒန်နီမာလ်ဖီက သတိပေး ပြောကြားလာပါတယ်။
စပို့တင်းလစ္စဘွန်းနည်းပြဟာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ယူနိုက်တက်နည်းပြသစ်အဖြစ် တရားဝင်စတင် တာဝန် ထမ်းဆောင်လာပါမယ်။
အမ်မိုရမ်ဟာ စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်စဉ်အတွင်း ၃-၄-၃ ကစားကွက်ကိုသာ အဓိကထား အသုံးပြုလာခဲ့တာပါ။
အသက် ၃၉ နှစ်ရှိ နည်းပြဟာ ၃-၄-၃ ကစားကွက်ကို အသုံးပြုပြီး စပို့တင်းလစ္စဘွန်းအတွက် ပေါ်တူဂီအမှတ်ပေးဖလား ၂ လုံး ရယူထားရာ ယင်းကစားကွက်ဖြင့် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ BBC ရဲ့ Match Of The Day တွင် ဝေဖန်သူအဖြစ် အလုပ်လုပ်နေတဲ့ မာလ်ဖီက ယူနိုက်တက်လူအင်အားမှာ ဟန်ချက်ညီခြင်း မရှိရာ ၃-၄-၃ ကစားကွက် အသုံးပြုလာနိုင်မှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။

ဒါ့အပြင် မာလ်ဖီက အမ်မိုရမ်ရဲ့ စွမ်းအင်အလွန်အသုံးပြုမှု၊ တောင်ပံနောက်ခံလူများ ရှေ့သို့ အလွန်အကျွံတက် ကစားစေမှု တို့မှာလည်း ပရီးမီးယားလိဂ်တွင် ကိုယ်သေတွင်း ကိုယ်တူးသလို ဖြစ်လာနိုင်ကြောင်းလည်း သတိပေးသွားပါတယ်။
အထူးသဖြင့် ယူနိုက်တက်နောက်ခံလူများရဲ့ ပြေးအား မကောင်းမှုက မည်သည့်အချိန်တွင်မဆို ပြဿနာဖြစ်လာနိုင်ကြောင်း ဆိုသွားပါတယ်။
ပရီးမီးယားလိဂ်တွင် ၃-၄-၃ ကစားကွက်ဖြင့် ချန်ပီယံဖြစ်သွားတဲ့ နောက်ဆုံးအသင်းမှာ ၂၀၁၇ ခုနှစ် အန်တိုနီယိုကွန်တီရဲ့ ချဲလ်ဆီး ဖြစ်ပါတယ်။