ချယ်ဆီးကို အိုးထရက်ဖို့ဒ်မှာ အနိုင် မကန်နိုင်လို့ အရမ်း စိတ်ပျက်နေတဲ့ နည်းပြ နစ္စတယ်ရွိုင်း

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ မနေ့ညက အိုးထရတ်ဖိုဒ့်မှာ ထိပ်တိုက်တွေ့တဲ့ ပွဲကတော့ ၁-၁ ရလဒ်ဖြင့် ပွဲပြီးခဲ့ပါတယ်။

ယူနိုက်တက်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဘရူနို ဖာနန်ဒက်စ် က ပင်နယ်တီကနေ သွင်းယူပေးခဲ့ခြင်းဖြစ်ကာ ချယ်ဆီးအတွက် ချေပဂိုးကတော့ ကန်ချက်ကောင်းကနေ ကိုင်ဆီဒိုက သွင်းယူပါတယ်။

ဒီပွဲအပြီး အမှတ်ပေးဇယား မှာ မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့် ၁၄ ကနေ အဆင့် ၁၃ ကို တက်လာခဲ့တယ်။ ချယ်ဆီးကတော့ အာဆင်နယ်အထက်ကို ရောက်သွားပြီး အဆင့် ၄ မှာ ရပ်တည်နေပါတယ်။

ဒီပွဲက အသင်း စွမ်းဆောင်ရည်ကို သဘောကျပေမယ့် ချယ်ဆီးကို အနိုင်မရခဲ့တာအတွက် စိတ်ပျက်မိကြောင်းကို ယာယီနည်းပြ နစ္စတယ်ရွိုင်းက ပွဲအပြီး ထုတ်ပြောပါတယ်။

နစ္စတယ်ရွိုင်းက “ ကျနော်တို့ ပွဲကို အနိုင် မရခဲ့တာအတွက် စိတ်ပျက်မိပါတယ်။ ပွဲထဲမှာ အခွင့်အရေးတွေ ရခဲ့သလို ခြုံကြည့်မယ်ဆိုရင် စွမ်းဆောင်ရည်က အတော်လေးကို ကောင်းပါတယ်။

အသင်းသားတွေက အစွမ်းကုန် အားထုတ်ပေးခဲ့ကြတာပါ။ ဂိုးရလိုက်တာက အရမ်းကောင်းခဲ့ပြီး အိုးထရတ်ဖိုဒ့် တစ်ခုလုံး ပွင့်ထွက်သွားခဲ့တယ်။ ဘရူနိုက ကောင်းကောင်းကြီး တာဝန်ယူ ကန်နိုင်ခဲ့တော့ ခံစားချက်တွေ ထွက်ကျလာခဲ့တာပါ ” လို့ ဆိုသွားခဲ့ပါတယ်။