ဘာစီလိုနာမှာ ဆက်နေဖို့ထက် ပေါင် ၁၇ သန်းယူပြီး နယ်မြေသစ်ကို ခြေချလိုတဲ့ ဒမ်ဘီလီ

ပြင်သစ် တိုက်စစ်မှူး ဒမ်ဘီလီက ဘာစီလိုနာရဲ့ စာချုပ်သစ်ချုပ်ဖို့ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဒမ်ဘီလီ ရဲ့ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးလအနည်းငယ်အတွင်း ဝင်ရောက်လာပြီဖြစ်ပြီး ၂၀၂၂ ရာသီကုန်ရင် သူဟာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ နူးကမ့်ကွင်းကနေ ထွက်ခွါခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဇန်နဝါရီမှာတော့ နိုင်ငံခြား ကလပ်တွေဖြင့် အကြို ညိနှိုင်းခွင့်ပါ ရရှိသွားမှာဖြစ်တယ်။

ဘာစီလိုနာက ၂၄ နှစ် အရွယ် ဒမ်ဘီလီကို စာချုပ်သစ်ကမ်းလှမ်းပြီး အသင်းမှာ ဆက်ရှိနေအောင်ကြိုးစားနေပါတယ်။ နည်းပြသစ် ဇာဗီကလည်း ဒေါ့မွန် ကစားသမားဟောင်းကိုသူ့အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ဒါပေမယ့်လို့ ကစားသမားကတော့ အခြားသော လိဂ်ထံ ကူးပြောင်းဖို့ကိုပဲ အာရုံစိုက်နေတာပါ။

ဒမ်ဘီလီကို မန်ယူနဲ့ လီဗာပူးက လာမယ့်နှစ်မှာ ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုပေမယ့် နယူးကာဆယ် ကလည်း သူ့ကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရတယ်။ ဒမ်ဘီလီက ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုထက် ပိုကောင်းတဲ့ တစ်ခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ထားတယ်လို့ သိရတယ်။

ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တိုးတော့မှာ မဟုတ်တဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ လီဗာပူး၊ ယူနိုက်တက်၊ နယူးကာဆယ်တို့က လက်မှတ်ထိုးကြေး ပေါင် ၁၇ သန်း ပေးရနိုင်တယ်လို့ သိရပါတယ်။

ဒမ်ဘီလီဟာ ဒဏ်ရာပြသနာတွေကြောင့် ဒီရာသီမှာ သုံးပွဲတည်း ဝင်ကစားထားပါတယ်။ သူဟာဘာစီလိုနာကို ပြောင်းလာပြီးနောက်ပိုင်း ဒဏ်ရာပြသနာတွေနဲ့ မကြာခဏ ကြုံတွေ့နေရသူ ဖြစ်ပါတယ်။