ယူနိုက်တက်နဲ့ နောက်ထပ် နှစ်ပွဲ ကိုင်ပြီးရင် သူ့ အနာဂတ်က ဘယ်လိုလဲ မသိသေးဘူး ဆိုတဲ့ နစ္စတယ်ရွိုင်း
မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်းက လာမယ့် ၂ ပွဲအား ကြီးကြပ်ပြီးပါက ယူနိုက်တက်တွင် သူ့အနာဂတ် ဆက်ရှိနေမလားဆိုတာ အတိအကျ မသိသေးကြောင်း ပြောကြားလာပါတယ်။
နစ္စတယ်ရွိုင်း ဟာ အောက်တိုဘာလတုန်းက အဲရစ်တန်ဟက် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယာယီနည်းပြအဖြစ် ၂ ပွဲ ကြီးကြပ်ထားပါတယ်။
အဲရစ်တန်ဟက်ရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ဒီ ကြာသပတေးနေ့ PAOK နှင့် ယူရိုပါလိဂ်ပွဲစဉ်အပြင် တနင်္ဂနွေနေ့ လက်စတာနှင့် ပရီးမီးယားလိဂ်ပွဲတို့ကို ကြီးကြပ်လာပါမယ်။

ယင်းပွဲအပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ တနင်္လာနေ့မှာတော့ ရူဘင်အေမိုရမ်က ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူလာပါမယ်။
ရူဘင်အေမိုရမ်ဟာ ယူနိုက်တက်သို့ သူ့နည်းပြအဖွဲ့ကို ယူဆောင်လာမှာ ဖြစ်ရာ ရုဒ်ဗန် နစ္စတယ်ရွိုင်းရဲ့အနာဂတ်မှာ မရေမရာ ဖြစ်နေပါတယ်။
အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းလာမှုအား နစ္စတယ်ရွိုင်းက “အခုအချိန်မှာ ပြောဖို့ ခက်တယ်။ ဆွေးနွေးဖို့ အချိန်ကို စောင့်နေတယ်။ အခု အရေးအကြီးဆုံးက နေ့စဉ် လုပ်စရာ ရှိနေတာ ဆက်လုပ်သွားဖို့ပါ။
လာမယ့်အပတ်အထိ အလုပ်ကို အကောင်းဆုံးလုပ်သွားမယ်။ ဒါက ကျွန်တော့်အလုပ်ပါ။ ဒီအတွက်ပဲ အာရုံစိုက်ထားတယ်။ ရူဘင်(အေမိုရမ်)ကို ကြိုဆိုပါတယ်။ သူ့ကိုလည်း ပျော်ပျော်ကြီး ကူညီချင်တယ်။ ဒါက အခု အခြေအနေပါ”လို့ ပြောကြားသွားပါတယ်။
နစ္စတယ်ရွိုင်း လက်အောက်တွင် ယူနိုက်တက်ဟာ လက်စတာကို ၅-၂ ဖြင့် အနိုင်ယူကာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးထားပြီး ပရီးမီးယားလိဂ်တွင် ချဲလ်ဆီးနှင့် ၁ ဂိုးစီသရေကျထားပါတယ်။