အမ်မိုရင်း ရောက်လာပြီးရင်လည်း နစ္စတဲလ်ရွိုင်းကို မန်ယူမှာ ဆက်ရှိနေစေချင်တဲ့ အိုနာနာ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာက နည်းပြသစ် ရူဘင် အမ်မိုရင်း တရားဝင် ရောက်ရှိလာခဲ့မယ်ဆိုရင်လည်း လက်ရှိ ယာယီနည်းပြ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကိုပါ အသင်းမှာသာ ဆက်လက် ရှိနေစေချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက နည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြအဖွဲ့ဝင်ထဲက နစ္စတဲလ်ရွိုင်းကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့သလို စပို့တင်း လစ္စဘွန်းအသင်းမှာ တောက်ပနေတဲ့ အသက် (၃၉)နှစ်အရွယ် နည်းပြ အမ်မိုရင်း ကိုလည်း အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့် အမ်မိုရင်း က မနက်ဖြန် နိုဝင်ဘာ (၁၁)ရက်နေ့မှသာ ယူနိုက်တက်ဆီ ရောက်လာမှာဖြစ်လို့ သူမကိုင်တွယ်ခင်မှာ နစ္စတဲလ်ရွိုင်းက ယာယီနည်းပြ ရာထူးနဲ့ ယူနိုက်တက်အသင်းကို တာဝန်ယူထားခဲ့ရပြီး အခုဆိုရင် ပြိုင်ပွဲစုံ (၃)ပွဲအထိ ကိုင်တွယ်ထားချိန်မှာ အသင်းက ရှုံးပွဲမရှိသေးဘဲ (၂)ပွဲနိုင် (၁)ပွဲသရေကျားခဲ့ပါတယ်။

တကယ်လို့ အသင်းဆီ အမ်မိုရင်း ရောက်လာပြီဆိုရင် သူ့နည်းပြအဖွဲ့ဝင်တွေပါ ယူနိုက်တက်ဆီ ခေါ်လာမှာဖြစ်လို့ နစ္စတဲလ်ရွိုင်းရဲ့ အနာဂတ်က မရေရာပေမယ့် အိုနာနာကတော့ နစ္စတဲလ်ရွိုင်းကို အသင်းမှာပဲ ဆက်ရှိစေချင်နေပါတယ်။

“သူ့ကို အသင်းမှာ ရာနှုန်းပြည့် ဆက်ရှိစေချင်ပါတယ်။ သူက တကယ့်ကို ကောင်းမွန်တဲ့ လူတစ်ယောက် ကောင်းမွန်တဲ့ နည်းပြတစ်ယောက်ပါ။

သူ ဒီကို ရောက်လာကတည်းက ကျွန်တော်တို့ကိုလည်း အများကြီး ကူညီပေးခဲ့တယ်။ သူ့မှာက ဘောလုံးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေလည်း များစွာ ရှိတာကြောင့် ကျွန်တော်တို့ကို အများကြီး အကြံပေးနိုင်တယ်။

သူ ဒီကို ရောက်နေကတည်းက အကောင်းဆုံး လုပ်ဆောင်နေတာကိုလည်း ခင်ဗျားတို့ သိမှာပါ။ ကျွန်တော်တို့ကို သူက ရက်ပိုင်းလောက်ပဲ နည်းပြနေတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ကစားသမားတွေကတော့ သူနဲ့ ပျော်ရွှင်နေပါတယ်။

ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့ ဆုံးဖြတ်လို့မရနိုင်တဲ့ အရာတစ်ခုက ဖြစ်လာပါမယ်။ ကလပ်အသင်းကနေ ချမှတ်လာမယ့် ဆုံးဖြတ်ချက်တိုင်းကိုတော့ ကျွန်တော်တို့က လက်ခံသွားရပါမယ်။

ဒီကိစ္စက ကလပ်အသင်းအနေနဲ့ သူနဲ့ကြားက ဆွေးနွေးသွားရမယ့် ကိစ္စဖြစ်နေပြီး အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့်ဟာကို ဆုံးဖြတ်ရပါလိမ့်မယ်။” လို့ အိုနာနာက ပြောဆိုသွားခဲ့ပါတယ်။