တာဝန်ကျေခဲ့တဲ့ နစ္စတယ်ရွိုင်းနဲ့ အိုးထရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂိုးပြတ် နိုင်ပွဲ
မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အဖြစ် တနင်္ဂနွေည အိုးထရက်ဖို့ဒ်မှာ လက်စတာ ကို ဧည့်ခံ ကစားရာ ၃-ဝ နဲ့ ဂိုးပြတ် နိုင်ခဲ့ပါတယ်။
ယူနိုက်တက် အတွက် ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်၊ Kristiansen (og) နဲ့ ဂါနာချို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအထိရထားတဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာတော့ အနိုင်ရလဒ်ကို ထိန်းချုပ်ဖို့ပဲကြိုးစားခဲ့ပြီး တိုက်စစ်ဆင်မှုကို လျှော့ချခဲ့ပါတယ်။
လက်စတာက ချေပဂိုးပြန်လည်ရရှိဖို့ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့ပေမယ့် အိုနာနာကို မကျော်နိုင်ခဲ့ပါဘူး။
ဂါနာချို ဝင်ရောက်လာပြီးနောက်ပိုင်းမှာလည်း ယူနိုက်တက်ရဲ့တိုက်စစ်က ထင်သလောက်တိုးတက်လာခြင်းမရှိပေမယ့် အာဂျင်တီးနားသားက ဂိုးတစ်ဂိုးတော့ ရအောင်သွင်းနိုင်ခဲ့ပါသေးတယ်။
ယခုနိုင်ပွဲကြောင့် ယူနိုက်တက်အနေနဲ့ ယာယီနည်းပြနစ္စရွိုင်းလက်ထက် ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲအထိနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ရှုံးပွဲမရှိမှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက် ကစားသမားဘဝ ပွဲပေါင်း (၂၅၀) ပြည့်မြောက်ခဲ့တဲ့ ဖာနန်ဒက်စ်ကလည်း သွင်းဂိုး (၃)ဂိုးလုံး ပါဝင် ပတ်သတ်သွားခဲ့ပါတယ်။
ဒီနိုင်ပွဲ အပြီးမှာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၃ နေရာ သို့ ပြန်ရောက်လာခဲ့ပြီး မနက်ဖြန်က စလို့ နည်းပြသစ် အမ်မိုရင်းက မန်ချက်စတာ ကလပ်ကို စတင် တာဝန်ယူပြီလည်း ဖြစ်ပါတယ်။