မန်ချက်စတာ ရောက်တဲ့နေ့မှာပဲ အသင်း ဂန္တဝင်ကို ရှင်းထုတ်လိုက်ပြီဖြစ်တဲ့ နည်းပြသစ် အမော်ရင်
မန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်သူ အမော်ရင်ဟာ အသင်းကို စရောက်ချိန်မှာပဲ နစ္စတယ်လ်ရွိုင်းနဲ့ နည်းပြအဖွဲ့ဝင်တွေကို ရှင်းထုတ်လိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက် နာမည်ကျော်တိုက်စစ်မှူးဟောင်း နစ္စတယ်လ်ရွိုင်းဟာ ဒီရာသီအစက နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့လက်ထောက် အဖြစ် ဆောင်ရွက်ဖို့ အိုးလ်ထရက်ဖို့ဒ်ဆီ တစ်ကျော့ပြန်လာခဲ့ပြီး အဲရစ်တန်ဟက် အထုတ်ခံရချိန်မှာ ယာယီ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
နစ္စတယ်လ်ရွိုင်းကိုင်တွယ်ခဲ့တဲ့ ကာလတိုအတွင်းမှာ ယူနိုက်တက်အသင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး ၄ ပွဲကစား ရှုံးပွဲမရှိဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပါတယ်။

နစ္စတယ်လ်ရွိုင်းဟာ ယူနိုက်တက်မှာ ဆက်နေဖို့ ဆန္ဒပြင်းပြခဲ့ပေမဲ့လည်း နည်းပြသစ်အဖြစ် အမော်ရင်ရောက်လာချိန်မှာတော့ ၄ လနီးပါးအကြာမှာပဲ ယူနိုက်တက်နဲ့ ဒုတိယအကြိမ်မြောက် လမ်းခွဲလိုက်ရပြီဖြစ်ပါတယ်။
အမော်ရင်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ တနင်္လာနေ့ ဗြိတိန်စံတော်ချိန် နေ့လယ် ၂ နာရီမှာ မန်ချက်စတာမြို့ကို ရောက်ရှိခဲ့ပြီး ချက်ချင်းဆိုသလို ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာပြီးတော့ ယူနိုက်တက် အသင်းတာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် မကြာခင်မှာပဲ ယူနိုက်တက်အသင်းက နစ္စတယ်လ်ရွိုင်းအပါအဝင် လက်ထောက်နည်းပြ ရီနေးဟာကီ၊ ဂိုးနည်းပြဖြစ်သူ ရူဝီလာ၊ performance analyst ပီတာမိုရယ်လ်တို့နဲ့ လမ်းခွဲလိုက်ပြီ ဆိုတဲ့ သတင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက ‘နစ္စတယ်လ်ရွိုင်းဟာ အသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ နစ္စတယ်လ်ရွိုင်းဟာ ယူနိုက်တက် အသင်းဂန္ထဝင်အဖြစ် အမြဲတမ်းဆက်ရှိနေမှာဖြစ်ပြီး အသင်းအတွက် သူ ပေးဆပ်ခဲ့သမျှအရာအားလုံးအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်က နစ္စတယ်လ်ရွိုင်းကို ထာဝရကြိုဆိုနေလျက်ပါ’လို့ ထုတ်ပြန်ခဲ့ပါတယ်။
အမော်ရင်ဟာ ယူနိုက်တက်အသင်းဆီ သူ့လက်ထောက်တွေဖြစ်ကြတဲ့ ကားလို့စ်ဖာနန်ဒက်စ်၊ ကန်ဒီဒို၊ အီမန်နျူရယ်လ်ဖာရို၊ ဂိုးနည်းပြဖြစ်သူ ဂျော့ချ်ဗီတယ်လ်၊ sports scientist ဖြစ်တဲ့ ပေါ်လိုဘာရဲရားတို့ကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။