ချယ်ဆီးမှာ ပွဲထွက် နေရာမရတဲ့ တိုက်စစ်သမားကို မန်ယူအသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေ

ချယ်ဆီး အသင်းမှာ ပွဲထွက် ကစားခွင့် ဦးစားပေး နေရာ မရတဲ့ ပြင်သစ် တိုက်စစ် ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူကို မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် (၂၆)နှစ်အရွယ် တိုက်စစ်ကစားသမား အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက လိုက်ပ်ဇစ်ကနေ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံးရာသီမှာ ဒဏ်ရာ ပြဿနာပေါင်းများစွာနဲ့ ရုန်းကန်ခဲ့ရသလို ဒီရာသီမှာလည်း မာရက်စ်ကာလက်ထက် ပွဲကစားခွင့်တွေ နည်းပါးနေခဲ့ရပြန်ပါတယ်။

ကွင်းလယ်တိုက်စစ် ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေအထိ လိုက်ပါကစားနိုင်သူ အန်ကွန်ကူဟာ ဒီရာသီမှာ ချယ်ဆီးအတွက် (၁၀)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ လူစားဝင်ပဲ ဆက်တိုက် ကစားနေရပါတယ်။

အန်ကွန်ကူက ချယ်ဆီးရဲ့ ကွန်းဖရန့်စ်လိဂ်ပွဲတွေနဲ့ လိဂ်ဖလားပွဲတွေမှာသာ ပွဲထွက်ကစားခွင့် ရနေပြီး ပရီးမီးယားလိဂ်ဘက်မှာတော့ နီကိုလပ်စ် ဂျက်ဆင်ရဲ့ ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားနေရပါတယ်။

ဒီအပေါ် စိတ်ပျက်လျက် ရှိနေတာကြောင့် အန်ကွန်ကူက လာမယ့် ဈေးကွက်တွေထဲ ချယ်ဆီးကနေ ထွက်ခွာသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

အန်ကွန်ကူကို သူ့အသင်းဟောင်း ပီအက်စ်ဂျီက ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို တိုက်စစ်ပိုင်း အားကောင်းလာအောင် တည်ဆောက်သွားဖို့ ရှိနေတဲ့ မန်ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ပစ်မှတ်ဟောင်း အန်ကွန်ကူကို လာမယ့်နွေမှာ ခေါ်ယူသွားချင်နေပါတယ်။

ယူနိုက်တက်က ဒီနွေမှ ဘိုလော့ဂ်နာကနေ ခေါ်ယူထားတဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဇက်ဇီးက အသင်းတိုက်စစ်ပိုင်းအတွက် အားထားလို့ မရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင်လက်ထက်မှာ ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူပေးသွားဖို့ ရှိနေပြီး ဒီထဲမှာ အန်ကွန်ကူပါ ပါဝင်နေတာ ဖြစ်ပါတယ်။