နွေကျရင် စပို့တင်း အသင်းသား တစ်ဦးကို ခေါ်ယူဖို့ လေသံပစ်လိုက်ပြီ ဖြစ်တဲ့ မန်ယူနည်းပြသစ် အမ်မိုရင်း
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရူဘန် အမ်မိုရင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက် မှာ သူ့အသင်းဟောင်း စပို့တင်းလစ္စဘွန်း အသင်းထံမှ ကစားသမား တစ်ယောက်မှ မခေါ်ဘူးလို့ ကတိ ခံထားပေမယ့် နွေအပြောင်းအရွှေ့မှာတော့ အာမခံချက် ပေးမထားပါဘူး။
ဒါ့အပြင် နည်းပြ အမ်မိုရင်းက သူ သွားလေရာ ကလပ်အသင်းထံ ခေါ်သွားချင်နေတဲ့ စပို့တင်း ကစားသမား တစ်ဦး ရှိနေပြီး ထိုသူ ကတော့ စပို့တင်း ကွင်းလယ် တိုက်စစ်သမား ပီဒရို ဂွန်ဆက် ဖြစ်ပါတယ်။
စပို့တင်း လစ္စဘွန်း တိုက်စစ်မှုး ဗစ်တာ ယိုကီယက်စ်ကလည်း ယူနိုက်တက်နဲ့ ရေပန်းစားပေမယ့် နည်းပြ အမ်မိုရင်းက ပီဒရို ဂွန်ဆက်ကို ပို သဘောတွေ့သူပါ။
စပို့တင်း က ကစားသမားတွေကို ယူနိုက်တက်ထံ ခေါ်ယူမလား ဆိုတာနဲ့ ပတ်သတ်ပြီး နည်းပြ အမ်မိုရင်းက
” ဇန်နဝါရီမှာတော့ ကျွန်တော် မခေါ်ပါဘူး။ ဒါကို သေချာပြောထားပြီးသားပါ။ နွေကျရင်တော့ မပြောတတ်ဘူးလေဗျာ။ ဒါပေမယ့် ပထမ အချက်ကတော့ ကျွန်တော် နွေထိ စောင့်မှာပါ။ စပို့တင်းက ကစားသမားတွေက သိပ်ကောင်းပါတယ်။ ခေါ်ဖြစ်မလား ဆိုတာကတော့ ကြည့်ရဦးမှာပေါ့။ ” လို့ ပြောကြားခဲ့ပါတယ်။
စပို့တင်းမှာ အမ်မိုရင်းရဲ့ ကစားကွက်ထဲ အဓိက ဗျူဟာကျကျ ပါဝင်နေသူ ဂွန်ဆက်နဲ့ ပတ်သတ်ပြီး အမ်မိုရင်းက
” သူက ကမ္ဘာပေါ်က ဘယ်ကလပ် အသင်းမမှာ မဆို၊ ဘယ်ကစားသမားနဲ့ မဆို တွဲဖက် ကစားနိုင်သူပါ။ ဘာလို့လဲ ဆိုတော့ သူက တကယ့် ဂရိတ် ပလေယာ တစ်ယောက် မို့ပါပဲ။
ဖြစ်နိုင်ရင်တော့ ကျွန်တော် သူ့ကို သွားလေရာ ခေါ်သွားချင်တာ။ သူက ဟာသဉာဏ်လည်း ရှိတယ်။ ဆက်ဆံရေးတွေကိုလည်း ပိုကောင်းအောင် လုပ်နိုင်တယ်။ ဉာဏ်ကောင်း ပါးနပ်တယ်။ ဒါပေမယ့် သူက စပို့တင်းမှာ ဆက်ပြီး အာရုံစိုက်ရဦးမှာပါ။ ဒီနှစ် ချန်ပီယံ ဖြစ်အောင် ကြိုးစားရဦးမှာလေ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။