ဒိုလေး အတွက် မကျေနပ်နေတဲ့ ပေါစခိုးလ်၊ ရန်းနစ် စချိန်တဲ့ ကစားသမားနဲ့ ယနေ့ည မန်ယူ သတင်းများ
ရော်နယ်ဒိုကို ချဲလ်ဆီးနဲ့ပွဲမှာ ချန်လှပ်တာကို လုံးဝနားမလည်နိုင်ကြောင်း ပေါစခိုးလ်က ဝေဖန်လိုက်ပြီး ပွဲကြီး တစ်ပွဲမှာ ပြိုင်ဘက် အဖြစ် သီယေဂို ဆေးဗား လို အသက်ရွယ်ရနေတဲ့ ခံစစ်မှုးနဲ့ ရင်ဆိုင်ရတာ ရော်နယ်ဒိုအတွက် အခွင့်ကောင်း ဖြစ်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။
မန်ယူဂိုးသမား ဒီဂီယာက ကြားရက်မှာ ထိပ်တိုက်ရင်ဆိုင်ရမဲ့ အာဆင်နယ်ဟာ ပုံစံကောင်းရနေပြီး တိုးတက်လျက် ရှိနေကြောင်း၊ ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး မိမိတို့အနေနဲ့ သတိရှိရှိ အာရုံစိုက်ရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ယာယီ နည်းပြ ရန်းနစ်အနေနဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ ဟိုင်ဒါရာ ကို သူ့ရဲ့ ပထမဆုံး ခေါ်ယူမှုအဖြစ် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ အသက်၂၃ နှစ်အရွယ် ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၃၃ သန်း ရှိနေပြီး ဇန်ဝါရီမှာပဲ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ တိုက်စစ်မူှး မာရှယ်လ်တို့ကို ရောင်းထုတ် သွားဖွယ်ရှိနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ သူတို့ကို ရောင်းထုတ်မှာဖြစ်ပေမဲ့ ကစားသမားပိုင်း ထပ်မံအားဖြည့်ဖို့တော့ ခက်လိမ့်မယ်လို့ ဆိုထားပါတယ်။
မန်ယူ နောက်ခံလူဟောင်း အီဗရာက လက်ရှိအချိန်မှာ မန်ယူအသင်းကို ဘယ်နည်းပြရောက်လာလာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နဲ့ နှိုင်းယှဉ်ခံရမှာဖြစ်ကြောင်း၊ ဘယ်နည်းပြမဆို လျင်လျင်မြန်မြန် အကဲဖြတ်ခံရမှာဖြစ်ပြီး အသင်းကို တည်ဆောက်ဖို့ အချိန် လုံလုံလောက်လောက် ရမှာ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က သူတို့အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ မန်ယူအနေနဲ့ မကြာခင်နည်းပြဖြစ်လာတော့မဲ့ ရန်းနစ်ရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ် ဆိုတဲ့ သတင်းအပေါ် တုံ့ပြန်ခဲ့ပါတယ်။ ဒါက ရန်းနစ်ရဲ့အသင်းလို ပုံစံမျိုးမဟုတ်ကြောင်း တူချယ်က ဆိုခဲ့တာပါ။

နည်းပြ ရန်းနစ် ရောက်လာခဲ့ပြီးနောက် မန်ယူအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ကြောင်း ချဲလ်ဆီး ကစားသမားဟောင်း ခရစ်ဆက်တန်က ဆိုလိုက်ပြီး ရန်းနစ်ဟာ ပွဲအပေါ် အမြင် အလွန်ကောင်းမွန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီကို နှိုင်းယှဉ်မှုပြုလုပ်ခဲ့ပြီး စီရော်နယ်ဒိုထက် မက်ဆီက ထိန်းချုပ်ရ ပိုခက်ကြောင်း၊ စီရော်နယ်ဒိုကို ထိန်းချုပ်ရတာ လွယ်တယ်လို့ မပြောနိုင်ပေမဲ့ တစ်ယောက်က လူကပ်ပြီး တစ်ယောက်က စောင့်ကြည့်နေရင် အဆင်ပြေကြောင်း ဖွင့်ဟခဲ့ပါတယ်။